Song recommendation : ရင်ခြင်းဆက်ချည်တဲ့ကြိုး - ဖိုးကာ
•••
"Wall-E"
"Eve"
ဖန်သားပြင်ထက်က ကာတွန်းဇာတ်ကောင်တွေရဲ့ ပုံရိပ်တွေက ဝေဟင့်မျက်နှာထက်မှာ ကာလာစုံ ထင်ဟပ်နေသည်။ Wall-E ဇာတ်လမ်းကို ကြည့်ရရင် ပတ်၀န်းကျင်ကို မေ့လျော့သွားတတ်သူဟာ နံဘေးက ဘုန်းနိုင်ကိုလည်း အာရုံမရှိတော့။ အာလူးကြော်ထုပ်ထဲက အာလူးကြော်ကို ခွံကျွေးလိုက်သည့်အခါမှ ဘုန်းနိုင်ကို ပြုံးကြည့်ရင်း နှုတ်ခမ်းနှစ်လွှာကို အသာဖွင့်ဟပေးသည်။
"ငါ Wall-E ဇာတ်လမ်းထဲမှာ ဒီနေရာကို သဘောအကျအဆုံးပဲ"
စက်ရုပ်လေး Wall-E နှင့် Eve က နက်ရှိုင်းကျယ်ပြန့်သည့် အာကာသဟင်းလင်းပြင်ထက်တွင် တွဲယှက်ကနေကြသည့် ဇာတ်၀င်ခန်းကိုကြည့်ကာ ဝေဟင်က ခပ်တိုးတိုးပြောသည်။ ဘုန်းနိုင်ကတော့ ဝေဟင့်မျက်လုံးတွေထဲကနေပဲ ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုကို ငေးမောရသည်။
Eve နှင့် Wall-E တို့ နဖူးချင်း ထိတွေ့ရာမှ ဖြစ်ပေါ်လာသည့် လျှပ်စစ်စီးကြောင်းလေးကြောင့် ဘုန်းနိုင်လည်း ဝေဟင့် နှုတ်ခမ်းတွေဆီ အကြည့်ရောက်သွားမိသည်။ နှုတ်ခမ်းမွှေးခပ်စစနှင့် ဝေဟင်က တီဗီအလင်းရောင်မှိန်ပြပြနှင့်တောင် ချောမောနေဆဲပင်။
ဇာတ်လမ်းထဲမှ ကောင်လေးနှင့် ကောင်မလေးက Wall-E တို့ ကနေသည်ကို ငေးကြည့်ရင်း လက်ဖျားချင်း ထိမိကုန်သည့်အခါ ဘုန်းနိုင်လက်တွေလည်း ဝေဟင့်လက်ထဲကို ရောက်သွားလေသည်။
"ကြည့်စမ်း အနိုင်။ မင်းလက်တွေက ငါ့ထက်သွယ်တယ်။ ပန်းချီဆွဲတဲ့ အနုပညာရွှေလက်လေး"
ရုတ်တရက်ဆိုသလိုပဲ ဝေဟင်က ဘုန်းနိုင်လက်ကိုယူပြီး လက်ဖဝါးအောက်ခြေချင်း ထိစပ်ကာ အရွယ်အစားတိုင်းတာလာသည်ဖြစ်၍ ဘုန်းနိုင်ရဲ့ သွေးခုန်နှုန်းတွေ ဒုတ်ခနဲတိုးသွားသည်။ သူတို့နှစ်ယောက် လက်ချင်းမထိတွေ့ဖူးတာတော့ မဟုတ်သော်ငြား ဘုန်းနိုင်ဘက်က မရိုးစင်းလှသော ခံစားချက်ရှိနေသူဖြစ်ရာ ကိုယ်ချစ်ရသူရဲ့ ဒီလိုအထိအတွေ့တွေကလည်း ရင်ခုန်စေစမြဲပင်။