Song recommendation : အချစ်သည်လေပြေ - ဒွေး
•••
ဘုန်းနိုင် အလုပ်ကိစ္စနှင့် Paris ကိုရောက်နေတာ တစ်ပတ်ခန့်ရှိနေပြီဖြစ်သည်။ Paris တွင် ပြုလုပ်မည့် Fashion Show တစ်ခုတွင် Model တွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ၀တ်စုံနှင့်လိုက်ဖက်သည့် Body Painting လုပ်ပေးရမည်ဖြစ်ကာ ဒိတ်ဒိတ်ကြဲ Fashion Designer တွေရဲ့ Show တစ်ခုဖြစ်၍ ဘုန်းနိုင်အတွက် စိတ်ဖိစီးရသည့် ကာလများပင်။
ဝေဟင်ကတော့ Magazine Photoshooting တွေရှိသဖြင့် ဘုန်းနိုင်နှင့် အတူမလိုက်နိုင်ပေ။ဘုန်းနိုင်ရဲ့ မနက်ခင်းတိုင်းကို ဝေဟင်နှင့်အတူသာ စတင်ခဲ့တာဖြစ်လို့ အခုလို တစ်ယောက်တည်း ခရီးထွက်ရခြင်းက ဘုန်းနိုင်ရဲ့ ရင်ဘတ်ထဲကို အလွမ်းများ တစ်ဆုပ်တစ်ခဲ စိမ့်၀င်နေစေသည်။ ဝေဟင် အကြိုက်ဆုံး Menu တွေပဲမှာပြီး ညစာစားနေပေမယ့် နံဘေးမှာ တစ်ယောက်သောသူက မရှိသဖြင့် ပါးစပ်ထဲမှာ ဘယ်အရာကိုမှ ခံတွင်းမတွေ့လှ။
[Celestial : အနိုင် ဘာလုပ်နေလဲ]
ဝေဟင်စာပို့လာတာကို မြင်တော့ ဘုန်းနိုင် လက်ထဲက ခက်ရင်းကို ပန်းကန်ပေါ်သို့ အသာချလိုက်သည်။ ဝေဟင်နှင့် နေ့တိုင်းနီးပါး စကားပြောဖြစ်ကြသော်လည်း အလွမ်းဓာတ်ဟာ ဘာနဲ့ဖျက်ဖျက် မပျက်ပြယ်တော့မယောင်။ ၀မ်းနည်းခြင်းတွေဟာ ရင်ခွင်ကို အားအင်အပြည့်နှင့် လာလာရိုက်ပုတ်သည်။
[Phoenix : ညစာစားနေတယ်။ Menu က မင်းကြိုက်တဲ့စားသောက်ဆိုင်က Chicken Dijon ]
[Celestial : ☹ ]
[Phoenix : ငါပြန်လာရင် ချက်ကျွေးမယ်။ ဒါနဲ့ မင်း မအိပ်သေးဘူးလား။ ညဥ့်နက်နေပြီ ]
ပြင်သစ်နှင့် ယခုလက်ရှိ ဝေဟင်နေနေသော နေရာက အချိန်ကွာခြားချက် ငါးနာရီခွဲတိတိ ရှိသည်ဖြစ်ရာ တစ်ဖက်မှာ ညသန်းခေါင်ပင် ရောက်နေလေပြီ။
[Celestial : မင်းကို စာပို့ပြီးရင် အိပ်တော့မလို့ပါ]