Song recommendation : ပြန်မဆုံဖြစ်ကြရင် - V နိုထွန်း
အတူရှိခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်အတွင်း ဘယ်အရာတွေက သူတို့နှစ်ယောက်ကို ဝေးကွာသွားစေခဲ့တာလဲ။ သူတို့ဇာတ်လမ်းက ဒဏ္ဍာရီတစ်ပုဒ်ဟု ဆိုရမည်ဆိုလျှင် ဒိုင်ယာရီစာအုပ်တွေထဲမှာ မြှုပ်နှံထားမိသည့် ခံစားချက်တွေက သေရာပါဖြစ်ပါလိမ့်မည်။
•••
ဝေဟင်ရဲ့ ကျောပြင်ထက်မှာ ဆေးရောင်တွေက ဟိုတစ်စ ဒီတစ်စနှင့်။ စုတ်တံတစ်ချောင်းနှင့် အနုပညာကို ပုံဖော်နေသူက နူးညံ့သိမ်မွေ့လွန်းစွာ။ ဆီဆေးစုတ်ချက်တွေ ခန္ဓာကိုယ်ထက်ကို လာထိတိုင်း ယားကျိကျိခံစားရပေမယ့် ဤအခိုက်အတန့်တွေကို သူနေသားကျနေခဲ့ပြီဖြစ်သည်။
ဆယ်နှစ်ကျော်တောင် ရှိပြီဆိုတော့ ထိုအထိအတွေ့တွေက ဝေဟင့်အတွက် မထူးဆန်းတော့သလို။သုံးနာရီခန့်ကြာပြီးသည့်အခါ ဝေဟင့်ရဲ့ ကိုယ်ခန္ဓာပေါ်မှာ အနိုင်ဖန်တီးသော အနုပညာတွေ ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။ Pride Month အတွက် Private Fundraising Event တစ်ခု သွားဖို့ရှိသည်ဖြစ်ရာ ဝေဟင့်ခန္ဓာကိုယ်ပေါ်မှာ အနီရောင် ၊ အဝါရောင် စသည့် ရောင်စဉ်ခုနှစ်မျိုး ဖြာလက်နေ၏။ အနိုင်က ဝေဟင့်ရဲ့ နှလုံးသားထက်မှာ နှလုံးသားနီနီလေးတစ်ခု ဆွဲထားပေးသည်။ ချစ်စရာ နှလုံးပုံလေးကို ငုံ့ကြည့်ပြီးနောက် အနိုင့်ပါးပြင်ထက်က ဆေးစက်လက်ကျန်အချို့ကို လက်မဖြင့် ပွတ်သုပ်ပေးလိုက်သည်။ ဂျစ်ကန်ကန် အနိုင်က နှာခေါင်းလေးရှုံ့ကာ
'ယားတယ် ဖယ်စမ်းပါ'ဟု ဆိုသည်။ ထိုအပြောလေးတွေကြောင့်ပဲ ချုပ်ထိန်းနေသည့်ကြားက နှလုံးသားထဲမှာ မီးရှူးဖောက်သံတွေ တဖြောင်းဖြောင်း မြည်ဟီးလာရခြင်းပေ။