ဟန်းဂုမြေသို့ ဆိုက်ရောက်လာသော လေယာဉ်ချိန်သည် နေ့လည်သုံးနာရီဝန်းကျင်ခန့်ဖြစ်သည်။ ကယ်လီဖိုးနီးယားမှ ဟန်းဂုသို့ လေယာဉ်ချိန်သည် အလွန်အမင်းကြာမြင့်သောကြောင့် တစ်ညလုံးလေယာဉ်စီးလာရသည်မှာလည်း သက်သောင့်သက်သာ သိပ်တော့မရှိလှ။ထို့နောက် ပြီးခဲ့သောသုံးလ အတွင်း ဝင်ရောက်ပြောကြားခြင်းမရှိခဲ့သည့် အုပ်စု chatting ထဲသို့ဝင်ရောက်လိုက်ကာ စာတစ်ကြောင်းပို့လိုက်၏။
"ဟိုင်း ဘေဘီတို့"
ကျွန်တော်စာပို့ပြီးသည်နှင့် တပြိုင်နက်ထဲ နိုတီသံများစီစီညံညံဖြင့် အလုအယက်စာဝင်လာကြသည်။ ဒီလောက်ဆို ကျွန်တော် ဟန်းဂုသို့ ဒီနှစ်အတွင်း ပထမဆုံးအကြိမ် စတင်ခရီးဆင်မှန်း သိနေကြပြီးပင်။
ကျွန်တော်တို့ အုပ်စု chatting သည် ကျွန်တော်အပါအဝင် ကျွန်တော်တို့ ကျောင်းနေဖက်သူငယ်ချင်းအရင်းခေါက်ခေါက်များ ငါးယောက်ရှိကြလေ၏။ မိန်းကလေးသုံးယောက်နှင့် ယောက်ျားလေးဆို ကျွန်တော်အပါမှ နှစ်ယောက်ဖြစ်သည်။
ထိုအထဲကမှ ဟန်းဂုလာသည့်အခါတိုင်း စတင်ခြေဦးတည်နေကျ မိုအွန်းထံသို့ရောက်ရှိလာခဲ့၏။ မိုအွန်းအိမ်သည် ကျွန်တော်အကြိုက်ဆုံးနှင့် အကျယ်ဆုံးဖြစ်၍ ဟန်းဂုရောက်တိုင်းနေနေကျပင်။
ကျွန်တော်ရောက်ကြောင်း သိပြီဖြစ်သဖြင့် မကြာမီ ကျန်သည့်သုံးယောက်လည်း စုစုရုန်းရုန်း မိုအွန်းအိမ်ထံ ရောက်ချလာကြတော့မည်မှာ ဧကန်မုချ။
အိမ်တံခါးဘဲလ်နှိပ်လိုက်သည်နှင့် စက္ကန့်မကူးဘဲကို တံခါးမကြီးပွင့်အံလာပြီး လက်ပိုက်လျက်အမူအရာဖြင့် မျက်ထောင့်နီကာ ကြည့်နေသော မိုအွန်းပင်။
"နင်"
"ခြေထောက်လဲညောင်းပြီး အရမ်းပင်ပန်းနေပြီ၊ သူငယ်ချင်းအချစ်လေးရယ် ငါ့ကိုအိမ်ထဲပေးဝင်ပါအုံးလား"
"ဗေဒင်ကအဲ့ဒါကြောင့် ကံညံ့နေတယ်ပြောတာ၊
နင်ရောက်လာအုံးမယ်မှန်းသိရင် ငါယတြာတကယ်ချေလိုက်တယ် ဘုရားကျောင်းလဲမတက်မိတာ နောင်တရလာပြီ..ငါ့ကျမှဘာလို့ဒီလိုဖြစ်နေရတာလဲ"