[Unicode]
(မိုးရိပ်နွယ်)
"နွယ်ရေ....ထမင်းစားမယ်ဟေ့"
စာအုပ်ဖတ်နေတုန်း ညစာအတွက် ထမင်းစားရန် မေမေ၏ အချက်ပေးသံကြောင့် အိပ်ပျော်နေသောလင်းကို နှိုးရသည်။
"ဟဲ့...လင်း၊ ထ ထ....မေမေခေါ်နေပြီ"
"ဟင်...ဟင်"
မေမေခေါ်နေသည်ဟု ဆိုတာကြောင့် လင်းက အိပ်ချင်မူးတူးဖြင့် အိပ်ရာမှထကာ....
"နွယ် အောက်ဆင်းနှင့်လေ၊ လင်း ရေချိုးပြီးရင် ဆင်းလာခဲ့မယ်"
"အွန်း....အွန်း"
လင်းကို ထားခဲ့ပြီး အခန်းထဲမှထွက်လာကာ ညစာစားဖို့အတွက် မေမေနှင့်အတူ ပြင်ဆင်ပေးရန် အောက်သို့ဆင်းခဲ့သည်။ အောက်ရောက်တော့ မေမေက ပြင်ပြီးနှင့်နေပြီ။
"နွယ်က ကူပေးမလို့ဆင်းလာတာ မေမေက မြန်လိုက်တာ"
"တော်စမ်းပါအေ"
"မေမေ ဒီရက်ပိုင်း ဖေဖေနဲ့ဆက်သွယ်ဖြစ်သေးလား"
"ငါ ညည်းအဖေကို ဆက်သွယ်တာ ဘယ်တုန်းကမြင်ဖူးလို့လဲ"
"မဟုတ်ပါဘူး ဖေဖေနဲ့ ဒီရက်ပိုင်းအဆက်အသွယ်မရလို့ပါ"
"အလုပ်ရှုပ်နေလို့နေမှာပေါ့"
"မေမေ"
"အင်း"
"မေမေ...၊ ဖေဖေ့ကို တကယ်ချစ်တယ်မလား"
ကျွန်မ၏ အမေးကြောင့် မေမေ အနည်းငယ်တွေဝေသွားသည်။
"ချစ်တိုင်းလဲ ပြီးပြည့်စုံနေတာမှမဟုတ်တာ"
"ချစ်တယ် ဆိုတာနဲ့တင် ပြီးပြည့်စုံပြီမဟုတ်ဘူးလား"
"ချစ်တယ် ဆိုတိုင်းလဲ ပြီးပြည့်စုံနေတာမဟုတ်ဘူး။ ပါးစပ်ကသာ ချစ်တယ်ပြောပြီး တစ်ဖက်လူကို ဥပေက္ခာပြုထားတာက မချစ်ဘူးဆိုတဲ့စကားပြောတာထပ် ပိုနာကျင်ရတယ်သမီး။ သမီးက မေမေထပ်အများကြီး ကံကောင်းပါတယ်။ သမီး အဖေရဲ့အချစ်ကို အပြည့်အဝရထားလို့လေ။ ဒီကမ္ဘာမှာ သမီး အဖေ စိတ်လိုလက်ရ အချိန်ပေးတာဆိုလို့ သမီးပဲရှိတာ အခု သူမဆက်သွယ်ဘူးဆိုတာ အလုပ်တွေ တကယ်မအားလို့နေမှာပါ"