ညနေခင်းရဲ့ တစ်စွန်းတစ်စလက်ကျန်အလင်းရောင်က သစ်ပင်သစ်ရိပ်ကြားကနေ ဝန်းကျင်ကို ရသလောက် တိုးဝှေ့နေရာယူထားဆဲ။
ဝှေ့ခနဲ ဖြတ်သန်းလာသည့် လေညှင်းသွဲ့သွဲ့လေးကြားမှာ ပန်းရနံ့ အီအီသင်းသင်းလေးက ရောယှက်နေ၏ ။
ထိုလေညှင်းဖြူးဖြူးက Mingyu ရှေ့က ရပ်နေသည့် လူကိုပါ ထွေးပွေ့ကျီစယ်သွားဟန်ရှိပြီး နှစ်ဦးသားကြား မဝေးလှသည့်အကွာအဝေးမှာ မညီမညာဟိုတစ်စသည်တစ်စ လည်တိုင်တစ်လျှောက် စင်းကျနေသည့် ထိုလူ့ရဲ့ ဆံစတို့ကို တဖျပ်ဖျပ် လွှင့်မြူးသွားအောင်ထိ တိုက်ခတ်နေတာကို အတိုင်းသား မြင်နေရ၏ ။"ကြောင်တွေ့ပြီလား...မနက်က ကြောင်ပျောက်နေလို့ဆို.."
"ကျွန်တော့်ဘာသာ တွေ့တွေ့ မတွေ့တွေ့ အဲ့ဒီဘက်က ကိစ္စမဟုတ်ပါဘူး"
အမှတ်တမဲ့ စေ့စေ့ကြည့်နေမိရင်းနဲ့မှ တစ်ဖက်ဆီက စပြီး စကားပြောလာတော့
ဘုတောမိသည်မဟုတ်ပေမယ့်..ဘယ်လိုလုပ် နှုတ်က ကန့်လန့်ထွက်သွားသည်မသိ။ရှေ့ကလူက သူ့ဆီက တုံ့ပြန်စကားကြောင့် နှုတ်ခမ်းလေးကို တင်းတင်းစေ့လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ကာ ပခုံးလေးကို မသိမသာတွန့်၏ ။
ထို့နောက် ခြေလှမ်းတွေကို နောက်တစ်လှမ်းဆုတ်ပြီးကာမှ မျက်ဝန်းတို့ရဲ့ လားရာက သူ့ဆီမှနေ ဦးတည်ရာ ပြောင်းလဲသွားသည်ဖြစ်၍ ထိုနေရာဆီ အတည်ပြုဖို့ရာ Mingyu ပြင်လိုက်ပါပေမဲ့..."မင်္ဂလာပါဗျ ၊ ဟျောင်းက အဲ့ဒီဘက်မှာနေတာလားဟင်..အရင်တုန်းက မတွေ့ဖူးလို့ ခုမှ ပြောင်းလာတာလား...မဟုတ်မှ Idol များလား ဟျောင်းက အရမ်း...အရမ်းကို..ကြည့်ကောင်းနေတာပဲ "
အနားကို ဖျပ်ခနဲ Flash လို အလျင်နဲ့ရောက်လာပြီး အသည်းအသန်နှုတ်ဆက်နေသူသည်ကား..အခြားသူမဟုတ်။
"Kim Sunghoon. !!!"
ဒီကောင် Mingyu အမေဝမ်းထဲက ထွက်လာတာတော့ မဖြစ်နိုင်။
မိချောင်းဥက ပေါက်သည့်မိချောင်းသားပဲ ဖြစ်ရမည်။သို့ပေမဲ့ စကားနားထောင်သည်ဟု ပြောရမည်က မျက်လုံးလေးသာ ဖော်ထားကာ Mask နှင့် Black cap ကိုသေချာလုံနေအောင်ဆောင်းထားတာဖြစ်ပြီး စကားနားမထောင်သည်က ထိုလုံနေအောင် ပိတ်ထားသည့် mask အောက်ကနေပင် Mingyu မအော်လိုက်လျှင် ကရားရေလွှတ်တတွတ်တွတ် ထွက်ကျနေဦးမည့် ပါးစပ်။