ဖုန်းထဲက မေမေပို့ထားသည့် လိပ်စာလေးကိုကြည့်ပြီး Myungho ကျောင်းကနေ အိမ်ပြန်ဖို့ ပြင်ဆင်လိုက်သည်။
ဒီနေ့ Myungho တို့ အိမ်ပြောင်းမည့်နေ့။
နယ်မှာပဲ ခြံနဲ့ဝန်းနဲ့ နေလာခဲ့သည့် မေမေအတွက် ယခုနေ,နေသည့် တိုက်ခန်းက အနေကျဥ်းသည်ဟုဆိုကာ မေမေက စိတ်တိုင်းမကျ။
ထို့ကြောင့် ခြံဝန်းလေးနှင့် လုံးချင်းအိမ်ကလေးတစ်လုံး ပြောင်းနေမည် တကဲကဲ ဖေဖေကို ဂျီပူနေတာ Myungho မကြားချင်မှအဆုံး ။
ယခုတော့ အားလုံးအဆင်ပြေသွားပြီဟု ဆို၏။
သူ့ကျောင်းနှင့်လည်း နီးသည်ဟုဆိုကာ မနက်ကတည်းက ပစ္စည်းတွေ သိမ်းဆည်းရွေ့ပြောင်းနေတာ Myungho ကသာ ကျောင်းသွားရမှာမို့လို့ မကူညီခဲ့ခြင်း။အိမ်လိပ်စာက ကျောင်းနဲ့ အရမ်းကြီးမဝေးတာမို့လို့ ဘတ်စ်မစီးဘဲ ခြေလျင်သာ လျှောက်သွားလိုက်ဖို့ Myungho ဆုံးဖြတ်လိုက်သည်။
သို့ပေမဲ့ ကံကြမ္မာက Myungho ကို ချောင်းမြောင်းနေဟန်တူသည်။
လမ်းလျှောက်လျှင် ပတ်ဝန်းကျင်ထက် ရှေ့တူရူသာ အာရုံစိုက်တတ်သည့် Myungho အတွက် ခပ်လှမ်းလှမ်းကနေ အတိုင်းသားမြင်နေရသည့် ရှေ့တည့်တည့်ဆီမှ ကျောပြင်ကျယ်။
မနက်က သန့်စင်ခန်းထဲမှာ စကားများထားသည့် Kim Mingyu က စက်ဘီးကို မစီးဘဲ လက်တစ်ဖက်နဲ့ လက်ကိုင်ကို ထိန်းကာ လမ်းလျှောက်နေတာဖြစ်သည်။သူ့ကို မြင်မှ ကိုယ့်လက်ကလေးကို အသာကိုင်လိုက်မိသည်။ကြမ်းတမ်းစွာ ဆုပ်ကိုင်ခံရတာမို့ အသားအရည်နုသည့် Myungho မှာ သူ့ကောင်းမှုနှင့် လက်ကို ရေခဲထုပ် ကပ်လိုက်ရသေးသည်။ယခု မရောင်တော့ပေမယ့် နီနီရဲရဲလက်ရာကတော့ ကျန်ရှိနေတုန်း..Myungho သူ့ဘာသာ သူ့လမ်းသူသွားနေတဲ့ ရှေ့ကလူကိုကြည့်ပြီး စိတ်ညစ်သွားရသည်။
အဲ့တစ်ယောက်က ဘာလို့ သူ့ရှေ့ကနေ လမ်းကို ခပ်လှုပ်လှုပ် လမ်းလျှောက်နေရသနည်း။မတော်လို့ နောက်လှည့်ကြည့်လိုက်လျှင် ခုအနေအထားကြီးက Myungho ကပဲ သူ့နောက်လိုက်နေသလိုလို။
ထို့ကြောင့် Myungho ခြေလှမ်းတွေကို စုံရပ်ပစ်လိုက်သည်။
အဲ့တစ်ယောက် အဝေးကြီး ရောက်သွားမှ ဆက်လျှောက်မည်ဟု အတွေးနဲ့။
ဒါပေမဲ့ Kim Mingyu နောက်စေ့က အကြားအမြင်များရနေသလားမသိ။
Myungho ရပ်လိုက်တာနဲ့ အချိန်ကိုက်ပင် ဖုန်းထုတ်ကာ ဘာတွေကြည့်နေမှန်းမသိ ရပ်ကြည့်နေပြီး လမ်းဆက်မလျှောက်။
Myungho နှုတ်ခမ်းလေး စုချွန်ကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ကိုယ့်ရဲ့ စိတ်ရှည်သည်းခံနိုင်မှု အတိုင်းအတာကိုပဲ ကိုယ့်ဘာသာ ဆန်းစစ်နေလိုက်မိသည်။