ရွှေရောင်တောက်နေသည့် နံနက်ခင်း၏ နေခြည်နုနုက မြက်ခင်းစိမ်းဆီ လက်ဆက်စွာ ဖြာကျနေပြီး ရွေ့လျားနေသော အချိန်ယန္တရားကလည်း သူ့တာဝန်အတိုင်း ပုံမှန် လည်ပတ်နေ၏။
ခြံထောင့်က ပန်းရုံလေးရဲ့ ရနံ့ထုံသင်းသင်းက လေအဝှေ့မှာ Myungho နှာသီးဖျားကို တစ်ချက် ကျီစယ်သွားပြီး အဆုတ်ထဲထိ ထိုလက်ဆက်သည့်လေကို တစ်ဝကြီး ရှူသွင်းပစ်လိုက်သည်။
ဘာလိုလိုနဲ့ တစ်ပတ်ဆိုသည့် အချိန်ကာလက Myungho အတွက် အလိုလိုနေရင်းကပင် ကုန်ဆုံးခဲ့ရချေပြီ။
အေးအေးဆေးဆေး စိတ်အနည်ထိုင်ဖို့အတွက် အားမွေးခဲ့ရသည့် ကာလက တိုတောင်းလွန်းပေမဲ့ သူ့စိတ်တို့က အလျင်လိုနေခဲ့သည်။
တစ်စုံတစ်ယောက်ဟာ Myungho ဆီကနေ ရှစ်နှစ်လုံးလုံး လုံလုံလောက်လောက် ရှောင်ပုန်းခဲ့ပြီးပြီဖြစ်သည်။သူ့ကို အချိန်တွေ အကြာကြီး အကြောင်းပြချက်မဲ့ တိတ်တိတ်လေး ထားခဲ့ပြီး မျက်ကွယ်ပြုနိုင်ခဲ့သည့်လူကို Myungho မှာ စိတ်ဆိုးချင်ပေမယ့် စိတ်မဆိုးရက်။စိတ်နာချင်ပေမယ့် စိတ်မနာနိုင်။
မမာသည့် အသည်းနှလုံးလေးက ပိုင်ရှင်ကို မျှော်တလင့်လင့် တစ်ရက်မှ မေ့မရခဲ့။ငယ်ရွယ်စဥ် တွဲထားခဲ့သည့်လက်ကလေးတွေ မြဲနေအောင် ဆွဲထားပြီး နှစ်ယောက်သားအတူတူသာဆိုရင် အရာရာရင်ဆိုင်နိုင်သည်ဟု စိတ်မှာ တထစ်ချ ယုံကြည်မိခဲ့သည်။
ဒါဟာ တစ်ဖတ်သတ်အတွေးတစ်ခုမျှသာမဟုတ်ခဲ့။
သူ့ကမ္ဘာဟာ Myungho ကို ဗဟိုပြုပြီး အသက်ဆက်သည်ဟု ဖွင့်ဟပြစရာမလိုလောက်သည့်အထိ ကိုယ့်အပေါ် ယုယမြတ်နိုးခဲ့သည့်သူမို့လို့ တကယ်ကြီး Myungho ဆီကနေ ထွက်သွားသည်ဆိုတဲ့ အမှန်တရားကို ခုချိန်ထိ လက်သင့်မခံနိုင်သေး။တစ်နေ့ ပြန်လာနိုးမျှော်တွေးမိသည့် တရေးနိုးအိပ်ပျက်ညတွေသာ Myungho ကမ္ဘာမှာ မြောက်မြားလာတယ်။ခုချိန်ထိ ပြန်မလာခဲ့သူကို စောင့်မျှော်မိနေတုန်း။ဖွေရှာနေမိတုန်း။သို့ပေမဲ့ ငယ်စဥ်ကတည်းက ပါး စကားကို တသဝေမတိမ်း လိုက်နာပြီး အလှမွေးထားသည့် ငှက်ကလေးလိုသာ နေထိုင်ခဲ့သည့် Myungho က ကိုယ့်အသည်းနှလုံးကို တိတ်တိတ်လေး နှုတ်ယူသွားသည့် တစ်စုံတစ်ယောက်နောက်ကို ရဲရဲဝင့်ဝင့်လိုက်ရှာမဝံ့ခဲ့။ပါးရဲ့ တားဆီးမှုတွေကြားမှာ
ရှင်လျက်နှင့် သေဆုံးခဲ့ရသည့် ဘဝကို ကိုယ်တိုင်ပင်ဖန်တီးယူခဲ့ပြီး ပြန်လာမည့် ကာလကို တိတ်တိတ်လေး ရှာဖွေလျက်နှင့် ငံ့လင့်စောင့်စားမိခဲ့ပါ၏ ။
သို့ပေမဲ့ ကံဇာတ်ဆရာက ထိုသူ့ကို Myungho လက်မှ လွတ်မြောက်အောင် ကူညီပေးခဲ့ဟန်တူသည်။
ရှစ်နှစ်လုံးလုံး ဘယ်သူမှ မသိအောင် အားထုတ်ရှာဖွေနေမှုတွေက အရာမထင်ခဲ့ပါဘူး။