အခန်း ၁၁ မှ ၁၅

384 43 0
                                    


အခန်း (၁၁)

ကျောင်းမှာရှိသောအချိန်က လျင်မြန်စွာကုန်ဆုံးသွားပြီးနောက် ညနေခင်းရောက်သည့်အခါ ကျောင်းသူများမှာ အတန်းပြီးသွားသောကြောင့် အပြင်သို့ထွက်လာကြ၏။ နေရောင်ခြည်က အလင်းရောင်တိမ်းစောင်းသွားပြီး ကျောင်းသူများက နှစ်ယောက်၊ သုံးယောက်စသဖြင့် အဖွဲ့လိုက် မင်းဥယျာဉ်ဆီသို့ လမ်းလျှောက်သွားကြသည်။ ထိုနေရာတွင် မိသားစုများစွာ၏ မြင်းလှည်းများက သူတို့ကို စောင့်ဆိုင်းနေကြလေ၏။

လီ‌စု၀မ်သည် ရင်းနှီးသောပုံစံအား တွေ့တဲ့အခါ ပျော်ရွှင်စွာဖြင့် ခေါ်လိုက်သည်။ "အစ်ကို"

လူငယ်လေးက လှည့်ကြည့်တဲ့အခါ တကယ်ပဲ လီရှင်းကျစ် ဖြစ်၏။ သူက သူ့ညီမလေးကိုတွေ့တဲ့အခါ မျက်နှာထားက နူးညံ့သွားကာ "ဒီနေ့ နေမကောင်းဖြစ်သေးလား"

လီစု၀မ်မှာ ခေါင်းခါပြပြီး ပြုံးလိုက်ရင်းဖြင့်ပြော၏။

"ညီမလေး အများကြီးသက်သာလာပါပြီ စိတ်မပူပါနဲ့ အစ်ကို"

လီရှင်းကျစ်က သူမ၏ခေါင်းအား ပုတ်ပေးရင်း "ညီမလေး ကျန်းမာရေးက မကောင်းတော့ အစ်ကိုက ဘယ်လိုလုပ် မစိုးရိမ်ဘဲနေမှာလဲ"

လီစု၀မ်သည် အောင်နိုင်သွားသလို ခံစားလိုက်ရပြီး လီကျီကျီကို လိုက်ရှာကာ သူမ၏ တုံ့ပြန်မှုအားကြည့်ချင်မိသည်။ သူမ မနာလိုပြီး ဒေါသထွက်နေမလား။ ဒါမှမဟုတ် စိတ်ပျက်နေမလား။ သို့ပေမယ့် အံ့ဩစရာကောင်း‌တာက လီကျီကျီ က သူတို့ဘက်ကိုတောင် ကြည့်မနေပါ။ သူမက စုတန်ယုနှင့် ပြုံးကာဖြင့် စကားပြောနေလေ၏။ သူတို့ကိုကြည့်ရတာ တစ်ခုခုကို ရယ်နေပုံရပြီး လီကျီကျီ၏မျက်၀န်းများက တလက်လက်တောက်ပနေသလို သူမ၏ပုံစံက ပိုလှပပြီးနောက် ညှို့ယူဖမ်းစားတာကြောင့် အနီးနားက လူများ၏ အာရုံစိုက်မှုအား ဆွဲဆောင်နေလေ၏။

ထိုအချိန်တွင် လီစု၀မ်သည် မနာလိုဖြစ်သွားရသည်။ သူတို့ မြတ်နိုးနေကြတဲ့သူက ဒီအတိုင်းဟန်ဆောင်နေတာလို့ သူမ ‌အားလုံးကို အော်ပြောချင်၏။ သို့ပေမယ့် တကယ့်လက်တွေ့တွင်တော့ သူမက နှိမ့်ချပြီး မတင့်တယ်သော နောက်ခံကလာတာ‌ဖြစ်တာကြောင့် တောသူမက ဒီနေရာနှင့်မလိုက်ဖက်ပါချေ။

ပြန်လည်မွေးဖွားလာပြီးနောက် အကြီးဆုံးသမီးရင်းက လက်ဖက်စိမ်းမပဲလုပ်တော့မယ်Where stories live. Discover now