Chapter 3

149 31 20
                                    

ရွာစွန်ဖက်ရှိ အိမ်ကျဉ်းလေး၌ မှောင်မဲတိတ်ဆိတ်၍ အသက်ရှူသံသာ ကြားရသည်။

လွန်းမြတ်စေသော်၏ အိပ်မက်ထဲ၌ သူ့အဖေအား ဝေဝေဝါးဝါး တွေ့နေရရာမှ ထင်ထင်ရှားရှား တွေ့လာရသည်။ သွေးသံရဲရဲနှင့် တွေ့ရသည့် ဖေဖေ့ရုပ်သွင်က သူ့အား ထိတ်လန့်တကြား ဖြစ်စေကာ လန့်နိုးလာစေခဲ့သည်။ သူ ဖေဖေ့ကို အိပ်မက်မက်လေ့ရှိသူမဟုတ်ဘဲ ဒီညတော့ ထူးထူးဆန်းဆန်း မက်မိတာမို့ သူ ထထိုင်လိုက်မိ၏။

သူ့လှုပ်ရှားမှုကြောင့်ထင်၏။ သူ့ဘေးရှိ ကောင်ငယ်လေးက ရုတ်ခနဲ လန့်နိုးသွားကာ သူ့အား စိတ်ပူတကြီး ထမေးတော့သည်။

"အစ်ကို ဘာဖြစ်လို့လဲ၊ အိမ်သာသွားချင်လို့လား၊ အဖော်လိုက်ပေးရမလား"

"ဟင့်အင်း၊ အိပ်အိပ်၊ ဒီအတိုင်း ရေ‌သောက်ချင်လို့"

ကောင်ငယ်လေးက သူ့မျက်လုံးကို ပွတ်သပ်ရင်း ပြန်လှဲအိပ်သွားသည်။

သူ ဟိုတစ်ညက ဓားပြကောင်တွေနှင့် တွေ့ပြီးကတည်းက အခုရက်ပိုင်း တစ်‌ယောက်တည်း မအိပ်ရဲလို့ ဆေးခန်းမှာ ကူလုပ်ပေးနေသည့် ကောင်ငယ်လေးကို အဖော်ခေါ်အိပ်ထားရသည်။ ရွာထဲကလူတွေ စိတ်ပူသွားကြမှာစိုးလို့ သူ ဒီအကြောင်းကိုတော့ ဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့။

ဒီကောင်ငယ်လေးက မိသားစုများသည့် အိမ်ကျဉ်းကျဉ်းလေးထဲ၌ နေရသည့် ကလေးမို့ တစ်ယောက်တည်းနေသည့် သူ့အိမ်မှာ ဟိုအရင်ကတည်းက ယခုကဲ့သို့ မကြာခဏ အဖော်လုပ်ရင်း လာအိပ်ပေးတတ်သူဖြစ်သည်။ သူနဲ့ လာအိပ်ရတာကိုလည်း ကြိုက်တတ်သူဖြစ်သည်။ ဒီကလေးက သူ့အပေါ် အလွန်တွယ်တာသည့် ကောင်လေးပင် ဖြစ်သည်။

သူ မှောင်မှောင်မဲမဲ၌ ရေထသောက်ပြီး တော်တော်နှင့် ပြန်အိပ်မရ။ လိုင်းသိပ်မမိသည့် ရွာလေးထဲ၌ သူ ဖေဖေ့ကို ဖုန်းခေါ်ကြည့်ဖို့ ကြိုးစားလိုက်သော်လည်း လိုင်းမမိလို့ ဆက်သွယ်လို့ မရတာကြောင့် လက်လျှော့လိုက်ရသည်။

.
.

လွန်းမြတ်စေသော်၏ မနက်ခင်းများက အားလပ်နေလေ့ရှိသည်။ ညနေပိုင်းမှသာ ဆေးခန်းသို့ သွားရ၏။ ထို့ကြောင့် မနက်တွေဆို အရေးပေါ်လူနာ မရှိလျှင် သူ အေးဆေးရှိတတ်သည်။ တစ်ခါတလေတော့ ဖွံ့ဖြိုးမှုအားနည်းကာ ပစ္စည်းသိပ်မစုံလင်သည့် ရွာနှင့်အနည်းငယ် အလှမ်းဝေးသော ဆေးရုံလေးဆီသွား၍ သူ ရင်းနှီးစပြုနေပြီဖြစ်တဲ့ ဆရာဝန်တချို့ဆီသွားကာ ကူလုပ်ပေးတတ်သည်။

Sad EndingWhere stories live. Discover now