အပိုင်း - ၅(Unicode)

279 29 6
                                    

       ထိုနေ့နေ့ခင်းတစ်နာရီခန့်က ဒေါ်လှဥမ္မာသက်‌ကား‌ကလေးကိုပုံမှန်မောင်းနှင်ရင်း သိပ္ပံလမ်းအတိုင်းလာခဲ့ရာ အား/ကာ သိပ္ပံရှေ့အရောက်တွင် ဖုန်းထုတ်ဆက်လိုက်လေ၏။နေရပ်လိပ်စာအတိအကျမသိသည့်တိုင် မှတ်ထားသည်ကလည်း အားကစားနှင့်ကာယသိပ္ပံကျောင်းနားတင်မှတ်ထားမိ၍ ထိုနေရာအရောက် ဘယ်ဆက်သွားလို့သွားရမည်မသိဖြစ်နေလျှင် -

"သမီး‌လေး ဘယ်နားမှာလဲကွယ် အိမ်က ဒေါက်တာ အား/ကာ သိပ္ပံ ရှေ့မှာ"

"အဲ့တာဆိုဆုတို့အိမ်မလိုတော့ဘူး ဆုပြောပြမယ်"

"ဆုတို့အိမ်က......"
  
       လမ်းညွှန်ကောင်း၍ကြာကြာတော့မရှာလိုက်ရ။အိမ်ကိုရှာတွေ့လျှင် ခြံတံခါးမှာဖွင့်ထားပြီးဖြစ်၍ တန်းမောင်း၀င်လာခဲ့၏။ခြံကလေးမှာ ကားပေါ်ကဆင်းဆင်းချင်းအကဲခတ်မိရာ ပန်းပင်ကလေးများနှင့်မျက်စိပသာဒဖြစ်အောင်အလှဆင်ထားပေ၏။မြန်မာနိုင်ငံ၏အလယ်ပိုင်းတွင်တည်ရှိသည့် မန္တလေးတွင်အပူပိုင်းပေါက်ပင်များသာအစိုက်များ၏။နုနုရွရွပန်းမျိုးများစိုက်မိလျှင်လည်း အတော်ဂရုစိုက်နိုင်ကာမှ အသက်ရှည်သည့်တိုင် ခြံထဲတွင်နုနုရွရွအပင်ကပိုများပေ၏။ပန်းပင်များကိုအပြုအစုကောင်းသူတစ်ယောက်သည်အိမ်တွင်ရှိနေသည်က သေချာသည်။

       ခြံထဲတွင်အရိပ်ကောင်းသည့်တမာပင်ကလေးတစ်ပင်က ခြံ၏၀င်၀င်ချင်းညာဘက်ထောင့်တွင် စိမ်းစိမ်းစိုစိုနှင့်နေရာယူထား၏။ဒန်းနားမှစံပယ်ခြုံကလေးတွင်လည်း အပွင့်ကလေးများက ဖြူဖြူဖွေးဖွေးနှင့် လှလိုက်ပုံများ တစ်ပွင့်လောက်သွားဆိတ်လိုက်ချင်သည့်စိတ်များတောင်ဖြစ်မိသည်။အစိမ်းရောင်ကိုယ်ထည်ရှိသည့်နှစ်ထပ်တိုက်ပေါ်ကိုမျှော်ကြည့်လိုက်မိစဉ် -

"ဒေါက်တာ ဆုဒီမှာ"

       အသံပိုင်ရှင်မှာ မြတ်ဆုငယ်ဖြစ်ကာ လက်ထဲတွင်လည်း ပလာယာနှစ်ချောင်းကိုဘယ်ညာ တစ်လက်စီကိုင်ရင်းလက်ပြနေလေ၏။မြတ်ဆုငယ်မှာ ဒေါ်လှဥမ္မာသက်ကိုမြင်လျှင် ရွှင်ပျသောအမူအရာနှင့် -

"ဆုဆင်းလာမယ်နော်"

"ခဏလေး"

       ဒေါ်လှဥမ္မာသက်ပြန်ဖြေ‌ချိန်တောင်မရဘဲ ဒုတိယထပ်မှအိမ်ရှေ့ကိုထုတ်ထားသည့် ၀ရန်တာကလေးမှမြတ်ဆုငယ်သည် လေပြေကလေးလို ပျောက်သွားပြီး အောက်ထပ်လူ၀င်ပေါက်မှ အပြေးရောက်လာတော့သည်။ဆံပင်ရှည်ကလေးကိုနှစ်ဖက်ခွဲစည်းထားပြီး ပါးကွက်ကြားခပ်ကြီးကြီးကိုကွက်ထား၍ ရန်ကုန်သူမင်းသမီးနှင့်မတူ အညာသူပေါက်စကလေးနှင့်တောင်မှားမိသည်။

Under the darkness (Ongoing)(Unicode+Zawgyi)Where stories live. Discover now