အပိုင်း - ၃(Unicode)

137 23 3
                                    

     "မချစ်တော့ပါဘူး မလာနဲ့ မပတ်သတ်ချင်ဘူးလို့"

     "ရက်စက်တုန်းကရက်စက်ပြီးတော့ နွယ်သွားလိုက်တော့ သွားလိုက်တော့လို့ မနွယ်ဇင်၀င့်"

     "သွားပါတော့ တောင်းပန်ပါတယ် မလာပါနဲ့ နွယ်ရေ ဆုဆီမလာပါနဲ့"

       "အီးဟီး....သွား....သွား...လို့"

        ကယောင်ကတန်းစကားများကိုဗလုံးဗထွေးအော်ဟစ်နေလေသည်။စိတ်တွင်း၌ထင်ကျန်ရစ်ခဲ့သောအနာများအားလုံးသည် ညအချိန်အိပ်မက်တွင် နာကျင်မှုအပြည့်နှင့် ထွက်ပေါ်လာကြပြန်သည်ကတစ်ဖုံ။မျက်ရည်များကလည်းမျက်လုံးအိမ်အတွင်းမှစီးကျနေသကဲ့သို့ မှိတ်ထားသောမျက်လုံးမှာလည်းမပွင့်လာသေး။သို့သော် လဲလျောင်းနေသည့်‌ခန္ဓာကိုယ်က လှုပ်ရှားရုန်းကန်နေကာ ည၁၂နာရီ ထိုအခန်းအတွင်း၌ သူတစ်ယောက်တည်း။

      အတန်ကြာထိုသူသည် ရုန်းကန်ရင်းနှင့် မျက်လုံးမှာဖျတ်ကနဲပွင့်သွားကာ ဆတ်ကနဲငုတ်တုတ်ထထိုင်လိုက်၏။ထို့နောက်ကြောက်လန့်တကြားနှင့် ဘေးမှခေါင်းဦးအပိုတစ်လုံးကိုရင်ခွင်ထဲသို့ထည့်ကာ တင်းကြပ်နေအောင်ဖက်ထားရင်း တဆတ်ဆတ်တုန်နေခဲ့သည်။အချစ်ကြီးခဲ့မိသောမိမိအတွက် ညစဉ်တိုင်းလိုလို ခံနေရသောငရဲခန်းတစ်ခန်းဖြစ်တော့၏။သည်လိုနှင့်အိပ်မပျော်ဘဲ မိုးလင်းသွားရာ မျက်လုံးများကအိပ်ချင်သော်လည်း ထိုအိပ်မက်ကိုထပ်မက်ရန်ကြောက်နေသဖြင့် တင်းခံခဲ့လေ၏။

        အိပ်မက်တို့ကိုကြောက်ရွံ့နေသောသူ၏ အတွင်းစိတ်တွင် အိပ်မက်ထပ်မက်လိုခြင်းစိတ်ဆန္ဒပင်မရှိတော့။ညတိုင်းငုတ်တုတ်ထိုင်နေလိုက်ချင်သည်။မအိပ်ဘဲနေလိုက်ချင်တော့သည်။ဆရာ၀န်ပေးသည့်ဆေးတစ်ချို့သောက်ပြီးပါက ခန္ဓာကိုယ်အားဖြင့်နှစ်ခြိုက်စွာအိပ်မောကျသွားသော်လည်း ယခုလိုအိပ်မက်တို့ကြောင့် ကြောက်လန့်တကြားနိုးရပြန်သည်။ပြန်အိပ်ရန်လည်းကြောက်ရွံ့နေမိပြန်သည်။

       ယခုအပတ်ဆရာ၀န်ဆီသွားရမယ့်နေ့ပေ။အိပ်မက်များကနှိပ်စက်၍ အိပ်မရသည်က သုံးရက်ဆက်တိုက်ဖြစ်နေကြောင်းပြောပြလျှင် ရေနှင့်မျှောချရမည့်ဆေးအမျိုးအစားများပြောင်းပေးလေလိမ့်မလား။သို့တည်းမဟုတ် အရင်လိုပင် ဆရာ၀န်ဆီသွားလိုက်စဉ်သာ သက်သာပြီး အိမ်ပြန်ရောက်လျှင် ပြန်ဖြစ်နေဦးမည်မှာ ခဏခဏဖြစ်လာတော့ ဒီတစ်ဘ၀ကိုသည်မျှနှင့်သာ အဆုံးသတ်လိုက်ချင်မိသည့် စိတ်များက‌လည်း ထိုသို့စိတ်အခြေအနေမကောင်းသည့်နေ့တိုင်းတွင်ဖြစ်မိပေသည်။

Under the darkness (Ongoing)(Unicode+Zawgyi)Where stories live. Discover now