အခန်း (၅)

221 36 8
                                    

ချစ်ဇနီးလေးကို ကယ်တင်ရန်အတွက် ဓာတ်လှေကားအိမ်ရှိရာသို့ ခုန်ဆင်းလာသော သျှားတစ်ယောက်မှာလည်း ချစ်ရသော မေ တစ်ယောက်ဘာမှမဖြစ်ပါ့စေနဲ့သာလျှင်ဆုတောင်း နေမိသည်။ အတိုက်အခိုက်ကျွမ်းကျင်ပြီး ပေါ့ပါးသွက်လက်သော သျှားအတွက်ကတော့ လုံခြုံရေးခါးပတ်ဖြင့် ဓာတ်လှေကားအိမ်ရှိရာသို့ ဆင်းရသည်မှာမခက်ပေ။ ဒီလောကမှာ သျှားခတ်မောင်မလုပ်ရဲတာဘာမှမရှိပါ။ ချစ်ရသူအတွက်ဆိုလျှင် ဘာမဆိုလုပ်ဖို့ဝန်မလေးလှပါ။ မေ ရေ... မကြောက်နဲ့နော်...မောင်လာကယ်နေပြီနော်..မေ့ကို။

ဓာတ်လှေကားအိမ်ထဲတွင်ရှိနေသော မေ နဲ့ ဂရေ့စ်ဆိုသောမိန်းကလေးမှာလည်း ဓာတ်လှေကားထောင့်နားလေးတွင်ဘာစကားမှမဆိုကြဘဲ ငြိမ်သက်စွာထိုင်နေကြလေသည်။ အထူးသဖြင့် ဂရေ့စ်ဆိုသော မိန်းကလေးရဲ့မျက်ဝန်းနက်နက် လေးများက မေ့ ကိုသာလျှင်စူးစူးစိုက်စိုက်ကြည့်နေလေသည်။ သူမ၏ အကြည့်များကို ​မေ လည်းသတိထားမိပါ၏။ သို့သော် ဘာမှပြန်မပြောအား။ စိတ်ထဲချစ်သူမောင်နှင့် ကယ်ဆယ်ရေးအဖွဲ့များသာ အမြန်လာပါ့စေလို့သာဆုတောင်းနေမိသည်။

"ဒုန်း"

"ဟင် ဘာသံလည်း!"

ခေါင်မိုးပေါ်က ရုတ်တရတ်အသံအကျယ်ကြီးကြားလိုက်ရသောအခါ ဂရေ့စ်ဆိုသောမိန်းကလေးက ထိိုသို့ဆိုပြီး အပေါ်ကိုမော့ကြည့်ကာထရပ်လိုက်လေသည်။ သူမနှင့်အတူ မေ လည်းထရပ်လိုက်ကာ အပေါ်ကိုထူးဆန်းသလိုကြည့်လိုက်လေသည်။

ထိုစဥ် ခေါင်မိုးထပ်ကို တစ်စုံတစ်ယောက်က တစ်ခုခုနှင့်အပေါက်ဖောက်နေသည့်အသံကိုကြားလိုက်ရသည်။ မေ နှင့် ဂရေ့စ်လည်းအပေါ်ကိုစိတ်ဝင်တစားကြည့်နေရင်း ရုတ်တရတ် ဂရေ့စ်က မေ့ ကို အန္တရာယ်ဖြစ်မည်ဆိုးသည့်အလား မေ့ ရဲ့လက်သွယ်သွယ်လေးကိုဆွဲယူကာ သူမရဲ့အနောက်မှာနေစေလိုက်၏။ မေ လည်း ကြောင်တောင်တောင်ဖြင့် သူမ၏ အနောက်တွင်အလိုလိုနေမိလျက်သားဖြစ်သွားလေသည်။

"ဝုန်း"

အပေါက်ဖြစ်သွားသောခေါင်မိုးပေါ်မှ သံပြားဝိုင်း အသေးလေးက ဓာတ်လှေကားအိမ်ထဲကိုပြုတ်ကျလာသည်။ ယင်းအပေါက်ထဲမှ မျက်နှာလှလှလေးတစ်ခုက စိုးရိမ်တကြီးပေါ်လာသောအခါ ဓာတ်လှေကားအိမ်ထဲတွင်ရှိနေသော မေ့ ရဲ့ မျက်လုံးလေးမှာလည်းဝင်းလဲ့သွားလေသည်။ ပြီး ဝမ်းသာအားရဖြင့် ထိုမျက်နှာလှလှလေးကိုအော်ပြောလိုက်လေသည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (2) 🌷💖Where stories live. Discover now