...အင်း...
မင်းကို အရုပ်လေး တစ်ရုပ်လို
ပိုင်ဆိုင်ချင်တာ။
မင်းသာ အရုပ်လေးတစ်ရုပ်ဆို
သေတ္တာထဲ ထည့်ပြီး
သိမ်းထားခဲ့မှာ။****
နောက်တစ်နေ့...
သင်္ကြန် နှစ်သစ်ကူးပြောင်းဖို့ အနည်းငယ်သာ လိုတော့သည်။နံနက်ပိုင်း...
"ပန်းနီ... ဒီရက်ပိုင်းတွေ ဘယ်ရောက်နေတာလဲဟင်...။ ကျွန်တော် လာကြည့်ပေမယ့် ပန်းနီကို မတွေ့ရလို့။ ပန်းနီ ကျွန်တော့်ကိုများ စိတ်ဆိုးနေလားဟင်..."
ရိုးကတော့ အမြဲတမ်း ပန်းနီမျက်နှာကိုသာ ကြည့်နေပြီး ပန်းနီ စိတ်ဆိုးမှာကို အမှန်တကယ် ထိတ်လန့်နေသည့် ပုံစံဖြင့်ပင်... ပန်းနီမျက်နှာကို တစက်မှ အညှိုးခံနိုင်သည့် သူ မဟုတ်...။
အခုလဲ ကြည့်...
နံနက်ပိုင်း အစောကြီးကိုပင် ပန်းနီကို လာတွေ့တာ...။ ဒါက သူက ပန်းနီကို တွေ့ချင်လို့ အားထုတ်ထားမှန်းကို သတိထားမိပါသည်။ဒါကြောင့်မို့လဲ ရိုးကို သနားမိသည်။ ရိုးက အမြဲတမ်း ပန်းနီအတွက်ဆို ရည်ရွယ်ပြီး အရာအားလုံးကို မငြီးမငြူ လုပ်ပေးနေကျပင် ဖြစ်သည်။ ပန်းနီအပေါ် ထားသည့် သူ့မေတ္တာ အတိမ်အနက်ကို သတိထားမိပြီးသည့်နောက်မှာတော့... ပန်းနီ ရိုးကို ပိုပြီး သနားလာသလို... ရိုးကပဲ... ပန်းနီအတွက် ပန်းနီရဲ့ ဘဝအတွက် အသင့်တော်ဆုံးဆိုတာကို ပိုသတိထားမိသည်။
ရွာဦးကျောင်းမှ အုံးမောင်းသံနှင့်အတူ အချိန်နရီကတော့ ကြက်တွန်သံကြောင့် ငါးနာရီပင် ရှိနိုင်ပါသေးသည်။
"ပန်းနီ..."
"ဟင်..."
ပန်းနီလည်း ရိုးအကြောင်း တွေးရင်းနဲ့ ငေးမိနေဆဲမှာပင် ရိုးကတော့ သူ့အင်္ကျီ အိတ်ကပ်ထဲမှ တစ်စုံတစ်ရာကို ထုတ်လာသည်။ ထို့နောက် အပြုံးနဲ့ပင်...