Prologue

9K 567 59
                                    

[Zawgyi]

"ကြားဖူးတယ်မဟုတ်လား... ဟိုးသဲကန္တာရတွေထဲမှာ ကုလားအုတ်တွေနဲ့ ရေကြည်ရာမြက်နုရာ ခရီးလှည့်သွားကြတဲ့လူတွေလေ... အဲဒီလူတွေက ညညဆိုရင် ကုလားအုတ်တွေ ထွက်ပြေးသွားမှာစိုးလို့ သစ်ပင်မှာကြိုးနဲ့ချည်ထားပြီးမှ အိပ်ကြတယ်ဆိုတာ"

ချောက် ချောက်

ပြတင်းပေါက်လည်းမရှိ၊ လေးဘက်လေးတန်အား မှန်အကြည်များဖြင့်အလုံပိတ်ထားသော အဝင်အထွက်လုပ်လို့ကောင်းရုံ အကျယ်အဝန်းနှင့် အခန်းတစ်ခုထဲတွင် ကွန်ပျူတာခလုတ်နှိပ်သံ တချောက်ချောက်သာ ပျံ့လွင့်နေခဲ့သည်။ မင်ဆော့သည် အကျင့်ပါနေသောလက်များဖြင့် ကီးဘုတ်မှခလုတ်များကို ကျွမ်းကျင်စွာအသုံးပြုနေသည်။ ဖန်သားပြင်ပေါ်မှလူတို့၏ စကားအသွားအလာကို မင်ဆော့က ခလုတ်တစ်ချက်ဖြင့် ထိန်းချုပ်ထားသည်။

"ဟူး....ဝါး..."

ဘယ်နှစ်နာရီရှိသွားပါပြီလိမ့်... အညောင်းပြေအညာပြေ အကြောဆန့်ရင်း ဝါးခနဲနေအောင် သန်းလိုက်မိသည်။ ကောင်းကောင်းမအိပ်ရတာ ဘယ်နှစ်ညရှိနေပြီလဲ။ တွက်တောင် တွက်မကြည့်ချင်။ နောက်အပတ် အသစ်လွှင့်မည့် ဖျော်ဖြေရေးအစီအစဉ် ကြည့်ရှူနှုန်းကောင်းဖို့က သူအိပ်ရေးဝဖို့ထက် အဆပေါင်းများစွာ အရေးကြီးနေခဲ့သည်။ တစ်ယောက်တည်းလည်းမဟုတ်၊ တစ်ဖွဲ့လုံးအိပ်ရေးပျက်ခံ အပင်ပန်းခံပြီး ရိုက်ကူးခဲ့ရသောကြောင့် ဘယ်သူ့ကိုမှလည်း သွားအထွန့်မတတ်နိုင်။ ခဏနေပြန်နာလာမည်မှန်း သိသော်လည်း မိနစ်ပိုင်းလောက် သက်သာလိုသက်သာငြား ပခုံးကို လက်သီးဆုပ်ဖြင့် ခပ်နာနာထုနေမိသည်။ လေးဘက်လေးတန် အလုံပိတ်ထားသော ဒီအခန်းထဲမှာဖြင့်တော့ နာရီကိုကောက်မကြည့်မချင်း ဘယ်နှစ်နာရီရှိနေပြီလဲကို ဘယ်လိုမှခန့်မှန်း၍မရနိုင်ခဲ့။ စားပွဲပေါ်တွင်တင်ထားသော ဟန်းဖုန်းကိုလှမ်းယူပြီး ဘယ်နှစ်နာရီရှိပြီလဲ ဖွင့်ကြည့်လိုက်တော့ ညဆယ့်တစ်နာရီခွဲ။ တစ်နေကုန် ရိုက်ကူးရေးနှင့် လုံးပန်းပြီး ညနေရောက်မှ အိမ်ပြန်ရေချိုး၊ ပြီးတော့မှ ရုံးကိုပြန်ရောက်လာခြင်းဖြစ်သည်။ ချိန်ကိုက်ထားသည့်အလား ဖုန်းကိုကောက်ကိုင်ပြီး ဘယ်နှစ်နာရီလဲကြည့်လိုက်မိချိန်နှင့် ကွက်တိ မက်ဆေ့ခ်ျတစ်ကြောင်း ဝင်လာခဲ့သည်။

နှံ နွံWhere stories live. Discover now