အပိုင်း -၁၀

1.5K 217 27
                                    

စိတ်ဓာတ်ကျခြင်းနှင့် ကာလကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့ရသော သူမ၏ဈာပနအခမ်းအနားသည် တိတ်ဆိတ်ငြိမ်သက်ခဲ့သည်။ နေ့လယ်ဘက်တွင် သိပ်အများကြီးမကျန်ရစ်တော့သည့် သူမ၏ငယ်သူငယ်ချင်းအချို့ ရောက်လာကြပြီး ညနေကျော်သွားမှ အသုဘမေးလာသည့် ရူဟန်နှင့် ဂျောင်ဟန်၏ လုပ်ဖော်ကိုင်ဖက်များဖြင့် အနည်းငယ်လူစည်ရုံရှိခဲ့သည်။ မင်ဆော့သည်လည်း ရုံးဆင်းလာသည့် ဂျွန်းမြောင်းနှင့်အတူ ဈာပနအခမ်းအနားသို့ ရောက်လာခဲ့သည်။ ဗီရို၏ဟိုးနောက်ဆုံးထဲမှ မနည်းနှိုက်ရှာလာရသည့် အနက်ရောင်အနောက်တိုင်းဝတ်စုံတွင် ပရုတ်လုံးနံ့သင်းသင်းက ရစ်ပျံ့နေဆဲ။ အကူငွေကိုထည့်၊ ကျန်ရစ်သူတွေနှင့်နှုတ်ဆက်၊ သွားလေသူအတွက် ဆုတောင်း၊ အကူအညီဖြစ်မယ် မဟုတ်မှန်းသိပါလျက်နဲ့ တလမ်းလုံးပြောဖို့စဉ်းစားခဲ့ရသော နှစ်သိမ့်အားပေးစကားကိုပြော၊ ဈာပနအခမ်းအနားတစ်ခုတွင် လိုအပ်သည့်အဆင့်တွေ အားလုံးကို ဖြည့်ဆည်းပြီပြီဆိုလျှင်တော့ အားလုံးကနေရာတွင်ထိုင်ပြီး ဗိုက်မဆာသော်လည်း ခင်းကျင်းထားသော အစားအသောက်များကို စားသောက်ခဲ့ကြသည်။

အလုပ်တန်းလန်းနှင့်မို့ ရုံးကိုပြန်သွားရသော ဂျွန်းမြောင်းအစား မင်ဆော့ကတော့ ထိုနေရာတွင် ညလုံးပေါက်ခဲ့သည်။ ရူဟန်ကတော့ ရင်ထဲတွင် ဘာမှမကျန်ခဲ့သော လူတစ်ယောက်လို တစ်ချိန်လုံး ငူငူငိုင်ငိုင်ပင် ထိုင်နေခဲ့သည်။ ဈာပနအခမ်းအနားတွင် ညလုံးပေါက်ကူညီပေးနေသော မင်ဆော့ကို မြင်နေသည့်တိုင် သွားဟုနှင်မထုတ်သလို နေပါဟုလည်းဆွဲမထားခဲ့။ ဘာတွေတွေးနေလဲ ဘယ်လိုမှခန့်မှန်း၍ မရနိုင်လောက်အောင်ပင် နှုတ်ဆိတ်နေခဲ့သည်။ ရင်ထဲတွင် ဘာမှမခံစားရတော့ဘဲ အခွံသက်သက်သာ ကျန်ရစ်ခဲ့သော လူတစ်ယောက်လို...။

မင်ဆော့ကတော့ သွားလေသူသူမ၏ ဈာပနဓာတ်ပုံစိုက်ကြည့်ရင်း ဘာလို့ဒီလိုအချိန်မျိုးမှလဲဟု မေးပစ်လိုက်ချင်နေသည်။

ဘာလို့ ဒီလိုအချိန်မျိုးမှများလဲ...

ဆယ်စုနှစ်တစ်ခု ကျော်လွန်ခဲ့ပြီးမှ... မနည်းကြိုးစားလို့ သူ မရှိလည်းနေနိုင်တယ် တွေးနိုင်မိချိန်မှ... ခံစားချက်တွေ အနည်ထိုင်စပြုချိန်မှာမှ...

နှံ နွံWhere stories live. Discover now