နွေညတစ်ညက တသက်စာအမှတ်ရဖွယ် လှပခဲ့ဖူးသည်။
"ဟုတ်ကဲ့၊ ကြယ်ကြွေရင် ဆုတောင်းပြည့်တယ်လို့ ပြောကြတယ်မဟုတ်ပါလားခင်ဗျာ၊ ဒီနေ့ညကစပြီး နိုင်ငံရဲ့နေရာအတော်များများမှာ အမှောင်ဖုံးနေတဲ့ ညကောင်းကင်ကြီးကို အလင်းပေးမယ့် ကြယ်ပျံတွေကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။
ဟုတ်ပါတယ်၊ အခုလို ပူလောင်အိုက်စပ်နေတဲ့ ရာသီဥတုကြီးမှာ လေကောင်းလေသန့်လည်း ခံယူရင်း၊ လှလှပပ ကြွေကျလာမယ့် ကြယ်တွေကို ငေးကြည့်လို့ ရင်ထဲက လိုအင်ဆန္ဒတွေကို ဆုတောင်းကြည့်တာရော ကောင်းမယ်မထင်ဘူးလားရှင့်။ ဘယ်အချိန်၊ ဘယ်နေရာမှာ ကြည့်လို့အဆင်ပြေမလဲဆိုတာကိုတော့ ဂင်ဂျီဟီးသတင်းထောက်က တဆင့်သတင်းပေးပါလိမ့်မယ်ရှင်။
ဟုတ်ကဲ့ပါ၊ ယနေ့ည မှောင်မိုက်နေတဲ့ ညကောင်းကင်ကြီးမှာ အဖြူရောင်မိုးစက်ကြောင်းတွေအလား ကြယ်ကြွေတွေဆင်းကျလာလိမ့်မယ်လို့ သိရပါတယ်ရှင်။
နေဝင်လို့ အမှောင်ဖုံးစပြုလာပြီဆိုရင်တော့ တစ်နိုင်ငံလုံးရဲ့ ညကောင်းကင်ယံမှာ မိုးရွာသလို ကြွေကျလာမယ့် ကြယ်တွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
အနီးစပ်ဆုံးခန့်မှန်းချိန်ကတော့ ညဆယ်နာရီမှစလို့ အချိန်နှစ်နာရီခွဲခန့်ကြာမြင့်မယ်လို့ ခန့်မှန်းရပါတယ်။
တစ်နာရီအတောအတွင်း အလုံးပေါင်း ၁၅၀ခန့်ရှိတဲ့ ကြယ်စင်တွေ ကြွေကျလာမယ်လို့ သိရှိရပါတယ်။
ယနေ့ကြွေကျမယ့် ကြယ်တွေဟာဆိုရင်ဖြင့် ပါးစီးရပ်စ်ကြယ်တာရာ အနီးပတ်ဝန်းကျင်မှ ကြယ်စင်များ....."
အိပ်ခန်းတံခါးကိုဖွင့်လိုက်လိုက်ချင်း ကြယ်ကြွေမည့်အရေးကို အရေးတယူလုပ် ကြေညာနေသော ညကိုးနာရီသတင်းက ဆီးကြိုနေခဲ့သည်။ တီဗီရှေ့ဆိုဖာပေါ်တွင်တော့ မဖိတ်ခေါ်ထားမိသော ဧည့်သည်သကောင့်သားက အငြိမ့်သားနေရာယူထားသည်။ အခန်းထဲမှထွက်လာရင်း တီဗီကိုအသာလှမ်းကြည့်မိတော့ ဤကြယ်ကြွေမည့်အရေးအား ဂရုမစိုက်သည်မှာ မိမိနှင့် ဧည့်ခန်းထဲမှထိုသတ္တဝါ နှစ်ယောက်သာရှိလိမ့်မည်ဟု မင်ဆော့တွေးလိုက်မိသည်။ ကြယ်ကြွေများအကြောင်းရှင်းပြနေသော သတင်းထောက်တစ်ယောက်၏ စကားနောက်ခံဖြင့် မြင်နေရသော တီဗီမှမြင်ကွင်းမှာ နှစ်သစ်ကူးလားပင် အောက်မေ့ရသည်။ ကြယ်ကြွေများအား ကြည့်ရှုရန်အသင့်တော်ဆုံးဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသော နေရာများတွင် လူများက အုပ်စုလိုက်အုပ်စုလိုက် ပျော်ပွဲစားထွက်လာသကဲ့သို့ အခင်းများခင်း၍ စောင့်ကြည့်နေကြသည်။ မှန်ဘီလူးများကို အသင့်ကိုင်၍၊ ကင်မရာများကို အသင့်ချိန်၍၊ ပူလောင်အိုက်စပ်သော ရာသီကြောင့် ယပ်တောင်များ တဖျပ်ဖျပ်ခတ်ကာ ကောင်းကင်ယံသို့ မျှော်လင့်တကြီး မော့ကြည့်နေကြသည်။ တီဗီမှအကြည့်လွှဲကာ တီဗီရှေ့မှစားပွဲပေါ်သို့ အကြည့်ရောက်သွားတော့ ပြန့်ကျဲနေသော ကြက်ကြော်ရိုး အကြွင်းအကျန်များနှင့် ကျွမ်းထိုးမှောက်ခုံဖြစ်နေသော ကိုလာဘူးခွံတို့က ဆီးကြိုနေပြန်သည်။ ဆိုဖာပေါ်တွင် ပျင်းတိပျင်းရွဲထိုင်ကာ ရီမုတ်ကိုခပ်လျော့လျော့ကိုင်ထားရင်း ညကိုးနာရီသတင်းအား စိတ်မပါလက်မပါ ထိုင်ကြည့်နေသော ရူဟန့်အား နောက်စေ့မှ ဗြန်းခနဲနေအောင် တီးချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ရသည်။
YOU ARE READING
နှံ နွံ
Fanfictionpairing : xiuhan genre : romance, drama, yaoi, slight angst This story is not my own creation. The story line is inspired from a fiction I read once which I don't remember where so I'm not sure to whom I should give credit for the story line. But it...