အပိုင်း - ၇

2.8K 329 106
                                    

အပြင်ပန်းကြည့်လျှင် လောကကြီးကိုပဲ စိတ်ကုန်နေသလိုလို... တောပဲထွက်တော့မလိုလို တစ်ယောက်တည်းနေတတ်သည့် ဂင်မင်ဆော့သည် တကယ်တမ်းတော့ အများနည်းတူ ပြတ်လိုက်တွဲလိုက် ရည်းစားများ မနည်းရှိခဲ့ဖူးသည်ကို ရူဟန်အသိဆုံးပင်ဖြစ်သည်။ မသိဘဲလည်း မနေနိုင်ခဲ့။ မင်ဆော့ တစ်ယောက်ယောက်နှင့်တွဲနေပြီဆိုလျှင် ထိုလူ့အပေါ်မူတည်၍ အနည်းနှင့်အများ မိမိဆီမှ ဝေးကွာသွားမြဲဖြစ်သည်။ ညနေပိုင်းတွေဆို ဖမ်းမမိတတ်တော့၊ ညဘက် အရက်တစ်ခွက်လောက် ထွက်သောက်ရအောင်ပြောလျှင် ချိန်းထားတာရှိတယ်ဆိုပြီး ငြင်းလွှတ်တတ်လာသည်။ ဖုန်းတခြားလူတခြား အမြဲဖြစ်နေတတ်သောလူက ရုတ်တရက်ဖုန်းကိုလက်ကမချတော့သည့်အပြင် ဖုန်းလာလျှင် အပြင်ထွက်ပြီးမှ ပြောတတ်လာသည်။ ထို့ကြောင့်လည်း မသိချင်တောင်မှ နှုတ်ကထုတ်မပြောတောင်မှ မင်ဆော့တစ်ယောက်ယောက်နှင့် တွဲနေပြီဆိုလျှင် ရူဟန်သတိထားမိမြဲ။ သတိထားမိရုံနှင့်တော့ ဘာမှထူးခြားလာခဲ့သည်မဟုတ်။ ရူဟန်သည် မင်ဆော့ရည်းစားထားပြီဆိုလျှင် ခနဲ့တဲ့တဲ့လိုက်ပြောလျှင်ပြော ဒါမှမဟုတ်လျှင်တော့ မသိချင်ယောင်သာဆောင်နေတတ်သည်။ သို့သော်လည်း မျက်ခြေမပြတ် မသိမသာ သတိထား၍ စောင့်ကြည့်နေတတ်သည်။ နေ့စဉ်ထမ်းဆောင်ရသည့် တာဝန်ဝတ္တရားတစ်ခုလို။

ထိုကဲ့သို့ တတ်နိုင်သမျှ မသိချင်ယောင်ဆောင်နေတတ်သော ရူဟန်က မြင်လိုက်သည်နှင့် ရုပ်တည်ကြီးဖြစ်သွားပြီး ကြည့်မရခဲ့သောသူမှာ ဘတ်ချန်းယောလ်နှင့် ဂင်ဂျုံအင်းပင်ဖြစ်သည်။ မင်ဆော့အား မိမိထံမှ အဝေးဆုံးသို့ ဆွဲထုတ်သွားခဲ့သော တရားခံနှစ်ယောက်ဖြစ်သောကြောင့်ပင်။ ထိုအထဲမှ ကြည့်မရခဲ့တာချင်းအတူတူ ဘတ်ချန်းယောလ်အား ကြည့်မရသော ရူဟန်သည် ဂင်ဂျုံအင်းအား ကြည့်မရသော ရူဟန်အိပ်နေသလောက်ပင်ရှိသည်။

ဂျုံအင်းနှင့်ပတ်သက်သော အရာအားလုံးကို ရူဟန်မျက်စိစပါးမွှေးစူးခဲ့သည်။ မင်ဆော့ နှစ်နှင့်ချီ၍တွဲဖူးသည့် တစ်ယောက်တည်းသောသူဖြစ်သောကြောင့်၊ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်နေသောကြောင့်၊ အပြစ်ရှာမရအောင် နာမည်ပျက်မရှိသောကြောင့်၊ မင်ဆော့နှစ်သက်သည်ဆိုသည့် ညိုစိမ့်စိမ့်အသားအရေက ကိုယ့်မျက်လုံးထဲတွင်ပင် ကြည့်ကောင်းနေသောကြောင့်၊ ယောက်ျားပီသစွာ ဆွဲဆောင်မှုရှိသောကြောင့်... ရွတ်ပြရလျှင် ဆုံးမည်မဟုတ်သော အချက်များဖြင့် စွဲချက်တင်ကာ မျက်နှာချင်းဆိုင်မရလောက်အောင်ပင် ကြည့်မရဖြစ်ခဲ့သည်။ မိမိနှင့် မည်သည့်နေရာတွင်မှ မတူညီသော လူတစ်ယောက်ကို မင်ဆော့အမှန်တကယ်ပင် ချစ်ခင်မြတ်နိုးသွားသည်ကိုလည်း မနာလိုမရှုစိမ့်ဖြစ်ခဲ့သည်။ ထိုသို့ မိမိအား ခံစားချက်ပေါင်းသောင်းခြောက်ထောင်ကြား အသက်ရှူကြပ်အောင် ပြုလုပ်ခဲ့ဖူးသော တရားခံက ယခုတဖန် မင်ဆော့ဘဝထဲသို့ ထပ်မံဝင်ရောက်လာမည်ကို၊ မင်ဆော့ကိုယ်တိုင်က လိုလိုလားလား ဖိတ်ခေါ်ခဲ့သည်ကို စိတ်ထဲတွင် ဘဝင်မကျနိုင်ခဲ့။ ထို့ကြောင့်ပင် ရိုက်ကူးရေးမစခင် မင်ဆော့နှင့်ဂျုံအင်း စကားစမြည်ပြောမည်ဆိုပြီး ဆိုင်တစ်ဆိုင်တွင် ချိန်းနေသည်ကို သိလိုက်ရချိန်တည်းက စိတ်ထဲတွင် မရိုးမရွဖြစ်နေခဲ့သည်။

နှံ နွံWhere stories live. Discover now