ကျွန်တော့်တွင် အားနည်းချက်ပေါင်းများစွာရှိသည်။
သို့သော် ကျွန်တော့်၏ fatal flaw မှာတော့ တစ်ခုတည်းသာ....
ထိုပြစ်ချက်သည် နှလုံးသားဖြစ်၏။
----------------------------
ကံကြမ္မာကို ကျွန်တော်ယုံကြည်သက်ဝင်သလောက် ကံကြမ္မာက ကျွန်တော့်ကို မျက်နှာသာပေးခဲ့ခြင်းမရှိပေ။ မရှိသည့်အပြင် ကျွန်တော်၏ နှလုံးသားအား လစ်လျှင်လစ်သလို ကျင်လည်စွာ ထိုးနှက်တတ်သေး၏။
ကျွန်တော့်အချစ်ဦးအား ကျွန်တော်လက်လွှတ်လိုက်ရစဉ်က သက္ကရာဇ် ၂၀၁၀ ဖြစ်သည်။ ကျွန်တော် ပါးစပ်စေ့ထားမိခဲ့ခြင်းအတွက် နောင်တရနေချိန်မှာ သူက ဆက်သွယ်၍ မရနိုင်လောက်အောင် ဝေးကွာနေခဲ့ပြီဖြစ်၏။
နောင်သုံးနှစ်အကြာမှာတော့ ကိုယ့်အလွမ်းကြားကိုယ်ပိတ်မိနေသော ကျွန်တော်သည် အရွက်တဖြုတ်ဖြုတ်ကြွေနေသော မဟော်ဂနီပင်ကြီးအား မော်ကြည့်ကာ သန္နိဋ္ဌာန်ချခဲ့၏။
နောက်တစ်ယောက်ကိုတော့ ကျွန်တော် ဖြစ်အောင် ဖွင့်ပြောရမည်လေ...
နောက်တစ်နှစ်က ပြက္ခဒိန်ဘောင်ထဲသို့ အလျင်အမြန် ချဉ်းနင်းလာခဲ့သည်။ ပြောင်းလဲခဲ့သော နေရာဒေသတွင် ကျွန်တော်ချစ်ရမည့်သူ နောက်တစ်ယောက်ကို ရှာတွေ့ခဲ့၏။
ဒီတစ်ခါတော့ ကျွန်တော်သူ့ကို သေချာစွာ ဖွင့်ပြောခဲ့သည်။ ထိုစဉ်အခါက ရခဲ့သောအပျော်သည် ဆို့နင့်စရာကောင်းသော အပျော်ဖြစ်၏။
သူ့ကိုဖွင့်ပြောပြီးသည်နှင့် ကျွန်တော်တို့ ကွဲကြမည့်အဖြစ်ကို ကျွန်တော်မြင်ယောင်နေမိသည်။ ကျွန်တော် ချစ်ရသူတိုင်းသည် ကျွန်တော့်ထက်သာသူနှင့် ထိုက်တန်သည်ဟု သတ်မှတ်ထားသော ကိုယ့်အစွဲကိုယ် ကျွန်တော်မချွတ်နိုင်ခဲ့။
နောက်နှစ်ဝက်အကြာမှာတော့ ကျွန်တော် မျှော်လင့်ထားသည့်အတိုင်း သူက ကျွန်တော့်ကို သစ္စာဖောက်ကာ ထားရစ်ခဲ့သည်။ စိုထိုင်းမှုန်မှိုင်းသည့် August လသည် ကျွန်တော့်အား ထပ်တစ်ခါ နာကျင်စေခဲ့ပြန်၏။
ဒီတစ်ခါတော့ ကျွန်တော်သည် နာကျင်မှုနှစ်မျိုးစလုံးအား ကြောက်ရွံ့နေခဲ့ပြီ။ ဖြစ်နိုင်လျှင် သွေးကြောတွေထဲ စီးဆင်းနေသော သွေးတွေအား ဖောက်ထုတ်ပစ်လိုက်ချင်သည်။ ကျွန်တော့် အသက်ဝိညာဉ်လွင့်ပါးသွားတာကိုသာ ကျွန်တော် ခံစားချင်လိုက်တော့သည်။
သို့သော် နှလုံးသားသည် ရပ်တန့်ဖို့တန်မှန်း သိခဲ့ပုံမရပဲ နာကျင်ဖို့လမ်းစကို ထပ်ကာ ရှာဖွေပြန်လေသည်။
မကြာခင်မှာပဲ August လသည် ကျွန်တော့်ဘဝထဲ မကြိုဆိုပဲ ခုန်ဝင်လာပြန်၏။ ဒီတစ်ခါတွင်လည်း သူသည် သတင်းဆိုးလိုလို သတင်းကောင်းလိုလိုအရာကို လေညင်းများနှင့်အတူ သယ်ဆောင်လာခဲ့သည်။
ထိုအချိန်မှာ ကျွန်တော်သူ့ကို စမြင်ခဲ့ရခြင်းဖြစ်၏။
ဖွင့်မပြောပဲ ကျန်ရစ်ခဲ့ရသည့် ဒုက္ခနှင့် ဖွင့်ပြောပြီးကာမှ ကျန်ရစ်ခဲ့ရသည့် ကိစ္စသည် တူသယောင်ယောင်နှင့် ကွဲပြားခြားနားလှသည်။ နှစ်ခုစလုံးကို ကြုံပြီးပြီဖြစ်သော ကျွန်တော်သည် ရွေးချယ်ရမည်ဆိုလျှင် တိတ်တဆိတ်ကျန်ရစ်မည့် နည်းလမ်းကိုသာ ရွေးချယ်လိုတော့သည်။
ထိုအခါ ကျွန်တော်သည် သူ့ဆီသွားရန်ပြင်သော ခြေလှမ်းများအား ပြန်ပြန်သိမ်းရင်း သူနှင့် ဝေးကွာသည်ထက် ဝေးကွာလာခဲ့၏။
သူကတော့ သိမည်မထင်။
နောင်ဘဝ... ကျွန်တော်သာ ဆုတောင်း၍ ရမည်ဆိုလျှင် ကျွန်တော် နာကျင်မှုကို မခံစားရသေးသော ဘဝတစ်ခု၏ အစတွင် သူ့အား ပြန်လည်ဆုံတွေ့လိုပါ၏။
ခြေလှမ်းတိုင်းသည် နာကျင်သလိုရှိသော်ငြား ကျွန်တော်သည် ဤလမ်းကိုသာ ခေါင်းမာမာ ရွေးချယ်လိုပါသည်။
ဒီလိုနှင့် သူ့ကိုကျောပေးကာ ဘဝတွေသည် ဝေးသထက်ဝေးရာ.....
10.7.16
(Thursday)
4:07 AM#Let_Him_Go
#Helen_Fighter_Hnin
