ကောင်းကင်ထက်မှ ရွှေမှုန်များ ပက်ကြဲလိုက်သည့်အလား ရော်ရွက်ဝါများမှာ ကွေ့ကာဝိုက်ကာဖြင့် မြေပြင်ပေါ်သက်ဆင်းလာကြသည်။ ထူထဲစွာပေါက်ရောက်နေသော သစ်ပင်သစ်ကိုင်းများကြောင့် မွန်းလွဲနေရောင်သည် တောအုပ်ထဲသို့ အနည်းငယ်သာ ဖြာကျနိုင်နေသည်။ သစ်ပင် ပင်စည်များကို တွယ်တက်နေသော လက်မောင်းလုံးအရွယ် တောင့်တင်းလှသော နွယ်ပင်များမှာ နေရောင်ကိုရလိုရငြား သစ်ပင်ထိပ်အထိရောက်အောင် ရစ်တွယ်ပတ်နေသည်။
အဖြူရောင် ၀တ်ရုံရှည်ကို ၀တ်ဆင်ထားသော မှော်ဆရာ အဘိုးအိုသည် တောင်ဝှေးကိုအားပြုရင်း တောအုပ်အတွင်း လျှင်မြန်စွာ လျှောက်လှမ်းလာနေသည်။ ၀မ်းဗိုက်ကျော်သည်အထိ ရှည်လျားနေသော အဘိုးအို၏ မုတ်ဆိတ်များသည် ဖွေးဖွေးဖြူနေပြီဖြစ်သည်။ အဘိုးအိုလည်ပင်းမှ ပုတီးလုံးကြီးများမှာ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း စည်းချက်ညီညီ လှုပ်ရှားနေသလို ခါးတွင်စည်းထားသော ရွှေကြိုးပိတ်စမှာလည်း အရောင်တ၀င်းဝင်းတောက်နေသည်။
တောင်ဝှေးကိုင်ထားသော အဘိုးအို၏လက်မှာမူ အရိုးများပေါ်သည်အထိ ပိန်လှီနေပြီဖြစ်သည်။ သေးငယ်စူးရှသော အဘိုးမျက်လုံးများကတော့ အရောင်တဖျတ်ဖျတ်တောက်နေဆဲ။
အဘိုးအိုဘေးတွင် လေးနှစ်အရွယ် ကလေးငယ်တစ်ယောက်သည် အဘိုးအိုခြေလှမ်းများကို မှီစေရန် အပြေးတစ်ပိုင်း လိုက်ပါလာသည်။ ကလေးငယ်သည် ရိုးရာဝတ်စုံဖြစ်သည့် လည်ပင်းပေါက်နှင့် လက်ပေါက်နှစ်ခုသာပါသော ချည်ထည်ဝတ်စုံကြမ်းကို ၀တ်ဆင်ထားပြီး အမည်းရောင်ကြိုးဖြင့် ခါးသေးသေးကို ချည်နှောင်ထားသည်။ တစ်ချိန်က အဖြူရောင် ဖြစ်ခဲ့သည့် ၀တ်စုံသည် ၀ါညစ်ညစ်အရောင်ဖြစ်နေကာ အနားစများမှာလဲ စုတ်ပြဲနေပြီဖြစ်သည်။
ကလေးငယ်၏ ဆံပင်ရှည်များမှာ ပခုံးထက်မှာ ၀ဲကျနေကာ လျှော်ဖွတ်သန့်စင်ခြင်းမရှိသောကြောင့် အချောင်းလိုက်ဖြစ်နေသည်။ ကလေးငယ်၏ မျက်နှာမှာလည်း ချေးများ၊ ခြစ်ရာများနှင့် ပြည့်နှက်နေသည်။ အညိုရောင် မျက်လုံးဝိုင်းဝိုင်းများကတော့ အဖိုးတန်ရတနာတစ်ခုလို တောက်ပနေသည်။

YOU ARE READING
Black Angel ( S - 1 )
Fantasy(Unicode & Zawgyi) - - - မင်းတို့လူသားတွေမှာ နှလုံးသားမရှိဘူး ဒန်နရယ် - - - Cover Design - Leo Bee