ရေတံခွန်မှ ရေကျသံမှာ တိတ်ဆိတ်သော ညတွင် ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
ကန်ရေပြင်ဘေးမှာ ငြိမ်သက်စွာ ထိုင်နေပေမယ့် ဖရက်ဒီ မျက်မှောင်နှစ်ခုကို ကြုတ်ကာ ရှိသမျှ ကျောက်ဆောင်များကို ရိုက်ခွဲချင်စိတ်ကို ထိန်းထားရသည်။ လွန်ခဲ့သည့် သုံးရက်ခန့်က လပြည့်ညဖြစ်၍ ဖခင်ဖြစ်သူ စေတန်နတ်သား သူ့ထံရောက်လာခဲ့သည်။ သူ အပြင်လောကသို့ ခဏတာပဲဖြစ်ဖြစ် ထွက်ခွင့်ရရန် တောင်းပန်မိသည်နှင့် အကြီးအကျယ် ဒေါသထွက်ခံခဲ့ရသည်။
နောက်တစ်ကြိမ် ဒီလိုတောင်းဆိုမှုများကို လုံးဝမပြုလုပ်ရန်လည်း မာထန်စွာအမိန့်ပေးခံခဲ့ရသည်ဖြစ်၍ ဖရက်ဒီ စိတ်များမကြည်မလင်ဖြစ်နေမိသည်။
အဘိုးအိုမာစီမှာ ကျောက်ဂူအတွင်း အိပ်မောကျနေပြီး နတ်ဆိုးဂေါဒကတော့ အစာရှာရန် ပြင်ပလောကသို့ ထွက်ခွာသွားသဖြင့် ခုနှစ်ရက်၊ တစ်ပတ်ခန့် ပြန်လာလိမ့်မည်မဟုတ်။
ဂေါဒပင် အပြင်သို့ထွက်ခွင့်ရပါလျက် သူကိုယ်တိုင်ကမူ ဖခင်ဖြစ်သူ ယူလာပေးသည့် အရသာဆိုးဝါးလွန်းသည့် လူသားကောင်တို့၏ နှလုံးကိုသာ စားသောက်ပြီး ပိတ်လှောင်ခံထားရသည်ကို နည်းနည်းမှ မကျေနပ်နိုင်။
ဒါပေမယ့် ဖရက်ဒီ ဖခင်ဖြစ်သူကို လွန်ဆန်နိုင်ခြင်းမရှိ။ ငယ်စဉ်ကတည်းက ဖခင်၏ ဒေါသကို ကြောက်ရွံ့လွန်းရသည်မို့ တစ်ခွန်းပြောလာလျှင် နောက်တစ်ခွန်းပြန်အထွန့်တက်ရန်ပင် သူ့မှာ သတ္တိမရှိ။
ဒီတော့လည်း ကိုယ့်ကိုကိုယ်သာ ပြန်လည် ဒေါသဖြစ်နေမိသည်။
အေးချမ်းသော ညတစ်ညဖြစ်၍ ရေတံခွန်မှ ရေမှုန်များမှာ မြူခိုးများလိုဝေ့နေကာ ကောင်းကင်တစ်ခုလုံး ခပ်ဝါးဝါးသာမြင်နေရသည်။ ညစဉ်မြင်နေမြဲဖြစ်သော ကြယ်ပွင့်များကိုပင် မတွေ့ရသည်မို့ ဖရက်ဒီ၏ စိတ်အလိုမကျမှုများ ပိုတိုးလာနေသည်။ အိပ်စက်အနားယူစရာမလိုအပ်သော သူ့အတွက် ညအချိန်များကို ကုန်ဆုံးအောင် ဖြတ်သန်းရသည်မှာ ရှည်ကြာလွန်းလှသည်။
ထိုအချိန်မှာ မြင်နေကြမဟုတ်သော အမည်းရောင်အစက်တစ်ခုကို သူ သတိထားမိလိုက်သည်။

YOU ARE READING
Black Angel ( S - 1 )
Fantasy(Unicode & Zawgyi) - - - မင်းတို့လူသားတွေမှာ နှလုံးသားမရှိဘူး ဒန်နရယ် - - - Cover Design - Leo Bee