Part 24

17.6K 1.7K 39
                                    

ချိုင့်ဝှမ်းထဲမှ ပင့်တိုက်လာသော လေများကြောင့် ဒန်နရယ်၏ ဆံပင်များ တလွင့်လွင့် ၀ဲပျံနေသည်။ အုတ်ခဲရောင်နှင့် နီညိုရောင်သန်းသော ကျောက်ဆောင်များနှင့် ၎င်းကျောက်ဆောင်များတွင် တွယ်ကပ်ပေါက်ရောက်နေသော အစိမ်းရောင် သစ်ပင်ငယ်ခြုံနွယ်ငယ်များသည် တရိပ်ရိပ်ဖြင့် သူတို့ခြေထောက်များအောက်မှာ ကျန်နေခဲ့သည်။

မြင့်မားသော ကျောက်ဆောင်များကို လျှင်မြန်စွာ ခုန်တက်နေသော ဖရက်ဒီသည် ကြောင်ငယ်တစ်ကောင်လို ပေါ့ပါးကာ တောင်ဆိတ်တစ်ကောင်လို ကျွမ်းကျင်လွန်းလှသည်ကို ဒန်နရယ် ၀န်မခံ၍မရ။

မျဉ်းဖြောင့်တစ်ကြောင်းလို ဖြောင့်တန်းစွာ အရှိန်အဟုန်ပြင်းစွာ ကျဆင်းနေသော ရေတံခွန်မှာ အခုအချိန်မှာ သူတို့အောက်မှာ ကျန်နေခဲ့ပြီဖြစ်သည်။ သူ့အတွက် အရာရာကိုကြည်လင်စွာ စဉ်းစားခွင့်မရသေးသည့် တိုတောင်းလှသော အချိန်အတွင်းမှာပင် သူတို့နှစ်ယောက်သည် မြင့်မားမတ်စောက်သော ကျောက်ဆောင်ထိပ်သို့ ရောက်လာကြပြီဖြစ်သည်။

တဟူးဟူးတိုက်ခတ်လာနေသော လေပြင်းကြောင့် ဒန်နရယ်၏ ၀တ်ရုံနှင့်ဆံပင်ရှည်များ လွင့်မြောနေကြသည်။ သူတို့ရှိနေရာနှင့် မလှမ်းမကမ်းတွင် အေးစက်ဖြူဝင်းသော ရေခဲပြင်တစ်ခုရှိနေပြီး နွေးထွေးသောနေရောင်ကြောင့် ရေခဲပြင်မှ ရေခဲစက်များ တစ်စက်စက်ပျော်ကျနေကော ချောင်းငယ်တစ်ခုဖြစ်လာနေသည်။ ထို့ချောင်းငယ်သည်ပင် ကျောက်ဆောင်များအကြား မြင့်မားသောရေတံခွန်တစ်ခုအဖြစ် စီးကျနေသည်။

ဖရက်ဒီ ကျောက်ဆောင်၏ ပတ်ချာလည်ကို မယုံကြည်နိုင်စွာ ဝေ့ကြည့်ကာ ဒန်နရယ်၏ ခပ်လှမ်းလှမ်းသို့ ခုန်ဆင်းသွားသည်။ မိနစ်ပိုင်းအတွင်း နေရာအနှံ့ သွားကြည့်ပြီးသည့်နောက်မှာတော့ ဒန်နရယ့်ရှေတွင် သရဲတစ်ကောင်လို ပြန်ပေါ်လာခဲ့သည်။

ဖရက်ဒီ့မျက်လုံးများက ဒေါသရောင်ဖြင့် ရဲတက်နေသည်။

"မင်းသွားချင်တဲ့နေရာက ဒါလား ဒန်နရယ်.. သေချာကြည့်စမ်းပါဦး.."

ကျောက်ဆောင်တန်းပတ်ချာလည်မှ ကျယ်ပြောသော သဲကန္တာရကို လက်ညှိုးညွှန်ရင်း ဖရက်ဒီ ခပ်မာမာမေးမိခြင်းဖြစ်သည်။ အနိမ့်အမြင့်မတူညီသော သဲတောင်ကုန်းများမှလွဲ၍ မျက်စိတစ်ဆုံး ဘာဆိုဘာမှရှိမနေ။

Black AngelWhere stories live. Discover now