အေးစက်နေသော မြေအောက်ခန်း၏ နံရံထောင့်တွင် ချထားသော မီးအိမ်ငယ်တစ်ခုမှ မီးတောက်ငယ်တစ်ခု ဖျော့တော့စွာ တောက်လောင်နေသည်။
ရေနွေးကရားငယ်ပုံစံ ရွှံ့မြေဖြင့်ပြုလုပ်ထားသည့် မီးအိမ်ငယ်တွင်းရှိ အသီးဆီများ၏ လောင်ကျွမ်းမှုကြောင့် ငှက်နှုတ်ခမ်းနှင့် ဆင်ဆင်တူသော နှုတ်ခမ်းပေါက်မှ အ၀ါရောင်မီးတောက်ငယ်တစ်ခု ထွန်းတောက်နေသည်။
မီးအိမ်ငယ်၏ဘေးတွင် စွန်ပလွန်သီးတစ်ချို့နှင့် သိုးသားကင်များရှိနေသည့် မြေပန်းကန်တစ်ချပ်။
ယခုအချိန်တွင် သိုးသားကင်နံ့သည် ဖရက်ဒီ့အတွက် ရွံရှာဖွယ်ကောင်းလွန်းနေသည်။ မျက်လုံးများကိုမှိတ်ကာ ငြိမ်သက်စွာအနားယူနေပေမယ့် သူ့ကိုယ်ခန္ဓာအတွင်းမှ ခွန်အားများ တဖြည်းဖြည်းဆုတ်လျော့လာနေသည်ကို ခံစားသိနေရသည်။ အခြားအခန်းမှ လူများ၏ အသက်ရှူသံ၊ နှလုံးခုန်သံများပင်မကြားရတော့။
အခုလို မှောင်မည်းတိတ်ဆိတ်ကာ ရွာမှလူများအားလုံး အိပ်မောကျနေချိန်သည် လူတစ်ယောက်ယောက်၏ နှလုံးကိုဖောက်ယူစားသောက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်ကို သူ နားလည်သည်။ ဒါပေမယ့် သူ့ခြေထောက်များသည် အေးစိမ့်သော မြေပြင်တွင် ကျောက်ချခံထားရသလို အနည်းငယ်မှမရွေ့။
သိပ်မဝေးလွန်းသည့် အခန်းငယ်တစ်ခုအတွင်း သူ တွေ့ခဲ့သည့် အဘွားအို ရှိနေဦးမည်ဖြစ်သည်။ မိနစ်ပိုင်းလောက် လှုပ်ရှားလိုက်ရုံနှင့် သူ ခံစားနေရသည့် ဆာလောင်နာကျင်မှုများရော၊ ပင်ပန်းမှုများပါ ပျောက်ကွယ်သွားမည်ကို သိသည်။
ဒါပေမယ့် သူ့အတွက်ညစာယူလာပေးသော ကလေးငယ်၏ ဖြူစင်သော မျက်လုံးနှင့်အပြုံးများသည် ထိုကလေး၏အဘွားအသက်ကို နှုတ်ယူဖို့ မကြာခဏစဉ်းစားမိသည့် ဖရက်ဒီ့အတွေး ရေစီးကြောင်းများကို ရေလှောင်ကန်တစ်ခုလို တားဆီးထားသည်။
"ဖရက်ဒီ.."
အခန်းငယ်၏အ၀တွင် ဒေါသများဖြင့် ရဲရဲနီနေသော မျက်လုံးများဖြင့် သူ့ကိုစူးစိုက်ကြည့်နေသော ဒန်နရယ်ရှိနေသည်။ ဒန်နရယ့်လက်ထဲတွင် သံရောင်လက်နေသော ဓါးနှစ်ချောင်း။ ကြေးဝါရောင်လက်ကိုင်မှာ မြွေတစ်ကောင်ရစ်ပတ်ထားသည့် ပုံပါသည့် ဓါးလက်ကိုင်များကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာဆုပ်ကိုင်ထားသည်။

YOU ARE READING
Black Angel ( S - 1 )
Fantasy(Unicode & Zawgyi) - - - မင်းတို့လူသားတွေမှာ နှလုံးသားမရှိဘူး ဒန်နရယ် - - - Cover Design - Leo Bee