တိတ်ဆိတ်သွားသော ပုဆိန်ချက်သံများကြောင့် အခန်းထောင့်နံရံတွင် ကျောက်ဆစ်ရုပ်တုတစ်ခုလို ငြိမ်သက်နေသည့် ဒန်နရယ်၏ မျက်လုံးများ ဖွင့်လာခဲ့သည်။ မြေအောက်အခန်းငယ်သည် စိန်ပန်းနီနီများ၏ ပွင့်ဖတ်၊ ပွင့်ချပ်နှင့် ပွင့်လွှာများကို ဖြန့်ကျဲထားသလို ရဲရဲနီနေသော သွေးရောင်များဖြင့် ဖုံးလွှမ်းနေသည်။
ယိမ်းနွဲ့နေသော မီးအိမ်ငယ်မှ ဖျော့တော့သော အ၀ါရောင်မီးတောက်ငယ်သည် လေမ၀င်သော အခန်းငယ်အတွင်း ငြိမ်သက်နေသည်။ သွေးအိုင်ထဲလဲကျနေသော ဖရက်ဒီ၏ပုံရိပ်သည် ဖြူဖျော့သော အလင်းတန်းအောက်တွင် ပန်းချီကားတစ်ချပ်လို ထင်ကျန်နေသည်။
ဒန်နရယ့်မျက်နှာတစ်ခုလုံး လူသေကောင်တစ်ခုလို ဖြူဖွေးသွားသည်။ သူ့နောက်မှ နံရံနှစ်ဖက်ကို လက်သည်းများဖြင့် စူးနစ်နာကျင်လာသည်အထိ ဖိကုပ်မိသွားသည်။ ကျောက်နံရံကို မှီထား၍သာ အခုအချိန်အထိ သူ မတ်မတ်ရပ်နေနိုင်ခြင်းဖြစ်သည်။
ဖရက်ဒီ၏ အမည်းရောင်ဝတ်ရုံမှာ ပုဆိန်သွားရာများနှင့် အပေါက်ပေါက် အပြဲပြဲဖြစ်နေကာ ညှစ်ချလျှင်ရနိုင်လောက်မည်ဖြစ်သော သွေးများဖြင့် နင့်နေအောင် စိုရွှဲနေသည်။ လှိုင်းတွန့်နေသော ဖရက်ဒီ၏ အနက်ရောင်နှင့်ရွှေရောင်ရောသော ဆံပင်ရှည်များတွင် သွေးများနှင့် နစ်ရွှဲနေသည်။
တစ်ကိုယ်လုံးမှာ ဒဏ်ရာမရှိသော အရေပြားဟူ၍ တစ်လက်မပင် မရှိနိုင်တော့သလို ခြစ်ရာ ခုတ်ရာများနှင့် ပြည့်နှက်နေသည်။ ကော့စင်းနေသော မျက်တောင်များသည် အရာရာကိုအရှုံးပေးကာ ထာဝရအတွက် မှိတ်သွားပြီဖြစ်ကြောင်း ထင်စရာရှိနေသည်။
အခန်းငယ်ထဲတွင် ဒန်နရယ်နှင့် မောဟိုက်နေသည့် တယ်ရာတို့၏ အသက်ရှူသံပြင်းပြင်းသာ ရှိနေသည်။
"သူ သေသွားပြီလား တယ်ရာ..."
"ဟင့်အင်း.. မသေသေးဘူး .. ဒီကောင် ငါထင်ထားတာထက် အသက်ပိုပြင်းနေတယ်.."
တယ်ရာ၏ လက်ထဲမှ ပုဆိန်သွားမှာ သွေးစက်များဖြင့် နီရဲနေသည်။

YOU ARE READING
Black Angel ( S - 1 )
Fantasy(Unicode & Zawgyi) - - - မင်းတို့လူသားတွေမှာ နှလုံးသားမရှိဘူး ဒန်နရယ် - - - Cover Design - Leo Bee