တိတ်ဆိတ်အိပ်မောကျနေသော မြေအောက်ရွာငယ်၏ အခန်းငယ်များနှင့် လှိုဏ်ခေါင်းများကို ဖြတ်ကျော်ရင်း ဒန်နရယ် လျှောက်လာခဲ့သည်။ သူ့ရင်ထဲတွင် ကြီးမားသော ကျောက်ခဲတစ်လုံး ကပ်ပါလာသလို လေးလံနေသည်။ ဂေါဒနတ်ရောက်လာမည့်အချိန် သိပ်မလိုတော့။ ထိုအချိန်မတိုင်မီ ဖရက်ဒီ့ကို သတ်နိုင်မှဖြစ်သည်။
ထိုအတွေးသည် နဂိုမူရင်းအတွေးထက်ပင် ဒန်နရယ့်ရင်ကို ပိုမိုလေးလံစေသည်။
အခန်းငယ်အတော်များများကို ဖြတ်လျှောက်လာပြီးသည့်နောက်မှာတော့ သူ ဖရက်ဒီ့အခန်းကို လှမ်းမြင်လိုက်ရသည်။ဖြစ်နိုင်လျှင် ထိုအခန်းနားမသွားချင်သလို ဖြတ်လည်းမလျှောက်ချင်။ ဒါပေမယ့် ဒန်နရယ့်အခန်းသည် ထိုအခန်းကိုကျော်မှ ရောက်မည်ဖြစ်သည်။
ဖရက်ဒီ့အခန်းထောင့်ရှိ ရေနံဆီမီးခွက်ငယ်မှ မီးရောင်ဖျော့ဖျော့သည် တံခါးပေါက်မှ အပြင်သို့ ဖြာကျနေသည်။ သေချာသည်ကတော့ မာတယ်ရိုသည် ဒန်နရယ့်စကားနားမထောင်ဘဲ နောက်တစ်ကြိမ် ဖရက်ဒီရှိရာသွားကာ မီးခွက်ကို ထွန်းညှိပေးခဲ့ဟန်တူသည်။
ထိုကလေးငယ်သည် သူဘယ်လောက်ဆူဆူ၊ ပြောပြော ဖရက်ဒီရှိရာအခန်းသို့ သွားမြဲဖြစ်သည်။ ဖရက်ဒီ လိုအပ်လိမ့်မည်မဟုတ်သော ရေနှင့်အစားအစာများကို ရွာမှ ခိုးယူကာ သွားပေးတတ်သည်။ အခုလည်း မီးအိမ်ကို မီးထွန်းပေးထားပြန်သည်။
မီးခွက်ကို ငြိမ်းသက်ရန် ဒန်နရယ် ဖရက်ဒီအခန်းထဲသို့ လှမ်းဝင်လာခဲ့သည်။
အခန်းထောင့်နံရံကို ကျောမှီထိုင်နေသော ဖရက်ဒီ့မျက်နှာတစ်ခုလုံး လူသေကောင်တစ်ခုလို ဖွေးဖွေးဖြူနေသည်။ ဒူးကွေးကာ တစ်ကိုယ်လုံးကို ကြုံနိုင်သမျှကြုံ့အောင် ထိုင်နေပြီး ခေါင်းမှခြေဖျားအထိ တဆတ်ဆတ်တုန်နေသည်။ မျက်လုံးများကို တင်းကြပ်စွာမှိတ်ထားပြီး မေးခိုက်သံသဲ့သဲ့ကို ဒန်နရယ် ကြားလိုက်ရသည်။
ရစရာမရှိအောင် စုတ်ပြဲနေသော ၀တ်စုံအောက်ရှိ ဒဏ်ရာသစ်များမှ သွေးများစိမ့်ထွက်နေသလို အခြားဒဏ်ရာဟောင်းများမှ ခြောက်သွေ့နေသော သွေးစက်ခြောက်များရှိနေသည်။ မီးခွက်ရှိရာ ခြေလှမ်းနေသော ဒန်နရယ့်ခြေလှမ်းများ ရပ်တန့်သွားသည်။ ဖရက်ဒီ့ပုံစံသည် မခံမရပ်နိုင်လောက်အောင် ချမ်းနေသည်ဆိုတာကို သူနားလည်အံ့သြသွားမိသည်။ ဖရက်ဒီ ဘယ်တုန်းကမှ အပူအအေးကို မသိသလို သတိမထားခဲ့ဆိုတာကို သူတို့နှစ်ယောက်အတူနေခဲ့ရချိန်များတွင် ဒန်နရယ် သတိထားမိခဲ့သည်။

YOU ARE READING
Black Angel ( S - 1 )
Fantasy(Unicode & Zawgyi) - - - မင်းတို့လူသားတွေမှာ နှလုံးသားမရှိဘူး ဒန်နရယ် - - - Cover Design - Leo Bee