လှေငယ်နှင့်ဆိပ်ကမ်း

5.4K 490 19
                                    

'' ကိုယ်က လေနှင်ရာလွင့်ချင်တာ ကလေးရဲ့ ''

လိမ္မော်သွေးကျ နေရောင်ဖြာဆင်းရာ ရေပြင်စပ်ကို တမေ့မူးမူးငေးရင်း သူတိုးတိုးရေရွတ်သည် ။ သူ့အသံက အိပ်မက်ယောင်စကားပြောနေသူလို ။

'' လေတိုးတာနဲ့ပါသွားတာကိုပြောချင်တာလား ဖြစ်နိုင်ပါတယ်အခုလက်ရှိခင်ဗျား ခန္ဓာကိုယ်အခြေအနေနဲ့ဆိုရင် ''

ပက်ကနဲနေအောင် ပြောချလိုက်မိသည် ။ သူရယ်ပါ၏ ။
အရပ်ရှည်လွန်း၍ ပိုသွယ်လျနေသလား ။ ပိန်လွန်း၍ပဲ ပိုရှည်နေသည်ထင်ရသလား ။ ပါးလျလျသူ့ခန္ဓာကိုယ်က ရှေ့တိုးနောက်ငင်ယိမ်းခါသည် ။

'' ကလေးကကွာ ကဗျာမဆန်လိုက်တာ ''

သူငြီးတွားရေရွတ်သော်လည်း နှုတ်ခမ်း၌အပြုံးကိုဆောင်မြဲ ။ပန်းသွေးရောင်လွှမ်းပမြဲနှုတ်ခမ်းပါးတို့ ဖြူ ဖျော့အားလျာ့နေသည်ကိုစိတ်မသက်သာစွာ မျက်နှာလွှဲမိသည် ။

မခံစားတတ်တာမဟုတ်ပါ ။ သို့တိုင် စကားနောက်ကွယ်က အနက်ကို ဖော်ကြည့်မိလျှင် ကျွန်တော့်ခံနိုင်ရည်တို့ တိုက်စားခံရမည် ။

သူမမြင်စေချင်ပါ ။ သူမရှိတော့မည့် အချိန်ကာလတစ်ခုကို ရင်မဆိုင်ခင်က အရှုံးကျနေသော ကျွန်တော့ပုံစံကို သူမမြင်စေချင် ။ သူ့ကိုစိတ်မချမ်းမသာမဖြစ်စေချင် ။ကျွန်တော့်အပေါ်အားမနာစေချင် ။

'' ပြန်ကြရအောင်လေ မှောင်လာပြီ. . ''

အဆုံးမမြင်ရသော ရေကန်တစ်ဖက်ဆီ ငေးမျှော်နေသည့်
သူ့မျက်ဝန်းတွေထဲမှာ ဘယ်အရာကိုမျှော်မှန်းမြင်ယောင်နေပါလိမ့်မလဲ ။ ကျွန်တော်လိုက်မမှီသော နေရာဒေသတစ်ခုဆီ သူ့အာရုံတွေဖြန့်ကျက်တာကိုကျွန်တော်မကြိုက် ။

ကျွန်တော်မသိနိုင်သော စိတ်ကူးတွေကို သူမရေးဆွဲနိုင်ခင် ( စိတ်ပုတ်စွာ ) သူ့လက်မောင်းကို သာသာဆွဲကိုင်လှုပ်ရင်း သူ့အတွေးလမ်းကြောင်းကိုကျွန်တော်ဖြတ်တောက်မိသည်

'' ဟင် ဘာလို့လဲ Han နားချင်လို့လား ''

'' ကျွန်တော် ဗိုက်ဆာနေပြီ . . ''

Master key ( HH one shot collection )Where stories live. Discover now