Lastly

20.3K 1.8K 53
                                    

ZAWGYI       

        အဆုံးသတ်တစ်ခုရဲ့ စတင်ခြင်း

ပုံပြင်လေးတစ်ပုဒ်မှာ အဆုံးသတ်တစ်ခုတော့ ရှိရတာပါပဲ။
သူမရှိတဲ့ နံနက်ခင်းတိုင်းကို ကျွန်တော်တစ်ယောက်တည်း နိုးထဖို့ခက်ခဲနေပေမဲ့...
သူ့ရဲ့ အမိန့်ဆန်ဆန် အေးတိအေးစက်စကားသံတွေကို လွမ်းဆွတ်နေပေမဲ့...
တစ်ခါတစ်ရံ မမျှော်လင့်ဘဲရရှိလာတဲ့ သူ့ဆီက ဂရုစိုက်မှုလေးတွေကို တမ်းတမိပေမဲ့...
ကျွန်တော် ဒီအတိုင်းလေးပဲ အဆင်ပြေနေခဲ့တယ်။
သူ့ကို ပိုင်ဆိုင်ခဲ့ရတဲ့ ခြောက်လတာ အချိန်ကာလတစ်ခု...သူ့အချစ်ကို မပိုင်ဆိုင်ခဲ့ရပေမဲ့ သူ့မိန်းကလေးအဖြစ် နေခဲ့ရတယ်ဆိုတော့ ပိုင်ဆိုင်ခဲ့ရတယ်လို့ပဲ ကျွန်တော် တဇွတ်ထိုး မှတ်ယူထားမိတယ်။ အဲ့လိုတွေးမှ ကျွန်တော့်ရဲ့နာကျင်နေတဲ့ နှလုံးသားလေးကို အနည်းငယ်နှစ်သိမ့်ပေးရာ ရောက်မှာမို့လို့။
မေလ (၆)ရက်နေ့...ကျွန်တော့်မွေးနေ့မှာလည်း သူရောက်မလာခဲ့ဘူး။ သူ ပေးခဲ့တဲ့ မွေးနေ့အကြိုလက်ဆောင်လေးအကြောင်း တွေးမိပြန်တော့ ဝမ်းနည်းမှုက အဆတိုးလာခဲ့တယ်။ အဲဒီတုန်းက သူပြောမယ်ဆိုတဲ့ ဆုတောင်းစကားလေးကို အဆုံးထိ နားထောင်မိခဲ့ရင် ကျွန်တော်ဒီလောက်ထိ နောင်တရနေရမှာမဟုတ်ဘူး။ သူနဲ့ကျွန်တော် ဆက်ပတ်သက်ဖို့ အကြောင်းကိစ္စမရှိတော့တာတောင် သူကကျွန်တော့်ဆီကို လာပြီး မွေးနေ့ဆုတောင်းပြောပေးနိုင်လိမ့်မယ်လို့ နည်းနည်းလေး မျက်နှာသာပေးလာတဲ့ ကံတရားကို ယုံကြည်ခဲ့မိသေးတယ်။
အချိန်တွေ ကြာလာတဲ့အခါ ကျွန်တော့်ရဲ့ နေ့စဉ် လှုပ်ရှားမှုတွေထဲမှာ ပုံရိပ်ယောင်တစ်ခုအဖြစ်ပါဝင်နေခဲ့တဲ့သူလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားမယ်လို့ မျှော်လင့်မိပါရဲ့။
စင်ဒရဲလားပုံပြင်လို မင်းသားလေးက ကျွန်တော့်ကို လာရှာမယ်လို့တော့ စိတ်ကူးမယဉ်မိဘူး။ကျွန်တော်ဟာ စင်ဒရဲသားလို မိန်းကလေးတစ်ယောက် မဟုတ်သလို...သူဟာလည်း ဖန်ဖိနပ်လေးတစ်ဖက်အတွက်နဲ့ ကျွန်တော့်ဆီ တကူးတကရောက်လာမယ့်သူမဟုတ်။
ဒီလိုနဲ့ပဲ အိမ်ရှေ့စံမင်းသားလေးနဲ့ လက်ထပ်ခြင်းဆိုတဲ့ ကျွန်တော့်ရဲ့ပုံပြင်လေးတစ်ပုဒ်ဟာ အဆုံးသတ်သွားခဲ့တယ်။
~~~  
အထက်တန်းစာမေးပွဲကို အောင်အောင်မြင်မြင်ဖြေဆိုပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ နေ့ရက်တိုင်းဟာ အားလပ်ရက်များအဖြစ် ရှိနေခဲ့တယ်။
နံနက်ဆိုရင် အမေ့ကို ဆိုင်ကူဖွင့်ပေး၊ နေ့လယ်ပိုင်းလူကျချိန်ဆို ဆိုင်မှာဝိုင်းကူပေး၊ ညနေဘက် လူရှင်းချိန်မှာ အိမ်ပြန်ပြီး တီဗွီကြည့်၊ စာအုပ်ဖတ် စသဖြင့် စိတ်ပါရာတစ်ခုခုကို လုပ်၊ ညပိုင်း လူများချိန်ရောက်ရင်တော့ ဆိုင်မှာပြန်ကူပေးဟူသော စက်ဝိုင်းကြီးအရ ကျွန်တော့်ရဲ့တစ်နေ့တာများသည် လည်ပတ်နေခဲ့ရသည်။
ကျွန်တော် Byun BaekHyun ဘဝသို့ပြန်ရောက်ပြီး မကြာခင်မှာပဲ တစ်နယ်တစ်ကျေးမှာ အလုပ်သွားလုပ်နေရသော အဖေက ရာထူးတိုးသွားပြီး ဆိုးလ်က ရုံးချုပ်ကို ပြောင်းလာရသဖြင့် ကျွန်တော်တို့မိသားစုစုံစုံလင်လင် အတူပြန်နေရသည်။ အဆိုးလေး Sehunကတော့ တစ်နေ့တခြား ပိုပြောင်းလဲလာသည်။ သူပြောသော နှလုံးသားရေးရာကိစ္စက အတည်ပင်ဖြစ်နေလေသလားမသိ။ အရင်ကဆို စာနဲ့အလက်ဂျစ်ရှိသော Sehunတစ်ယောက် အခုတော့ စာအုပ်နဲ့ မျက်နှာမခွာဘဲ တစ်ချိန်လုံး စာဖတ်နေတတ်သည်။ စကားပြောပုံဆိုပုံကလည်း ရင့်ကျက်လာပြီး တစ်ခါတလေ ကလေးက လူကြီးဂိုက်ဖမ်းနေသည့်ပုံစံမျိုး ဖြစ်သွားတတ်သည်။ ဒါပေမဲ့ ကျွန်တော်တို့မိသားစုကတော့ Sehunရဲ့ပြောင်းလဲလာပုံကို သဘောကျကြသည်။ Sehunဆိုသည်မှာလည်း အရင်က ပြောမနိုင်ဆိုမနိုင်၊ မလိမ်မိုးမလိမ်မာ ငမိုက်သားလေးဖြစ်ခဲ့သည်မဟုတ်လား။
ထူးဆန်းလွန်းစွာ Sehunကို ပုံသွင်းပေးသူကတော့ ကျွန်တော်တို့အတန်းထဲက ရိုးသားကြိုးစား ဖိုးသခွား Luhan ပင်ဖြစ်သည်။ ဘယ်ကနေ ဘယ်လိုတွေ့ကြသလဲတော့မသိ။ Sehunက အိမ်ခေါ်လာပြီး မိတ်ဆက်ပေးချိန်မှသာ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်နေကြမှန်းသိရသည်။
အဖေကတော့ ယောက်ျားလေးနှစ်ယောက် တွဲသည်မို့သိပ်လက်မခံချင်။ အမေကတော့ သားနှစ်ယောက်လုံးရဲ့ နှလုံးသားရေးရာကို စွက်ဖက်ချင်စိတ်မရှိသည်က တစ်ကြောင်း၊ Luhanကြောင့် Sehunတစ်ယောက် ဝောာ်တော်လေး ပြောင်းလဲလာခဲ့သည်ကတစ်ကြောင်းကြောင့် အဖေ့လို ပစ်ပစ်ခါခါမငြင်းဘဲလက်ခံ‌ပေးသည်။ ဒါပေမဲ့ Luhanရဲ့ အနေအထိုင်၊အပြောအဆို ရိုသေတတ်မှုဟာ အဖေ့ရဲ့ စိတ်ကို ပျော့ပျောင်းစေသည်လားမသိ။ နောက်ဆုံးတော့လည်း အဖေက သူတို့တွဲနေတာကို အသိအမှတ်ပြုပေးခဲ့သည်။ မိဘမဲ့ Luhanကတော့ တစ်ကောင်ကြွက်မို့ သူ့ရွေးချယ်မှုကို ကန့်ကွက်ချုပ်ချယ်မည့်သူမရှိ။ ဒါကြောင့် Sehunနဲ့Luhanရဲ့ ရှေ့ဆက်မည့်ခရီးက အစစအရာရာအဆင်ပြေနေပြီဖြစ်သည်။
အင်း...Sehunကလည်း ကျွန်တော့်လိုမျိုး ယောက်ျားလေးချင်းချစ်ကြိုက်ပေမဲ့ သူကတော့ ကံကောင်းသည်။ ချစ်ရသူကလည်း ပြန်ချစ်သည်။ မိဘတွေဆီကလည်း ခွင့်ပြုချက်ရသည်။
ကျွန်တော်ကတော့...ကျွန်တော် ချစ်ရသူက ကျွန်တော့်ကို ချစ်၊မချစ်တောင် သေချာမသိသော ဘဝ။ အဆင်ပြေဖို့ဆိုတာ ဝေးစွ။ ခွဲခွာပြီးသည့်နောက် သူငယ်ချင်းအဖြစ်နဲ့ တစ်ခါလေးတောင် လာမတွေ့ခဲ့သူ။ သူ့အချစ်ဦးကိုပဲ တမ်းတနေသဖြင့် ကျွန်တော့်ကို သတိရချိန်တောင် ရှိရဲ့လား မသိ။
တော်ပါ။ ဒီကိစ္စတွေကို ဆက်မစဉ်းစားချင်တော့ဘူး။ စဉ်းစားမိရင် နောက်ဆုံးနစ်နာရသူဟာ ကျွန်တော်တစ်ယောက်တည်းပေမို့။
ကျွန်တော့်ရဲ့ မျှော်လင့်ချက်ရောင်ခြည်လေးကလည်း တစ်စတစ်စ ပျောက်ဆုံးလို့။ အမှောင်ထဲမှာ လမ်းပျောက်ရင်း အလွမ်းတောထဲက ရုန်းမထွက်နိုင်ခဲ့တာ သုံးလကျော်တောင်ကြာခဲ့ပြီပဲ။
~~~  
ညနေခင်းတစ်ခုမှာ ထုံးစံအတိုင်း ကျွန်တော် အမေ့ရဲ့ဆိုင်လေးမှာ ဝိုင်းကူလုပ်ပေးနေရသည်။ ရုံးဆင်းချိန်မဟုတ်၍ လူရှင်းနေသော်လည်း တစ်ဝိုင်း၊နှစ်ဝိုင်းလောက် ရှိနေသေးသဖြင့် အိမ်မပြန်ဘဲ ကူလုပ်ပေးနေခြင်းဖြစ်သည်။
"BaekHyun...အမေ လမ်းထိပ်က ဆိုင်မှာဟင်းခတ်မှုန့်သွားဝယ်လိုက်ဦးမယ်။ ဆိုင်ကို ကြည့်ထားဦး "
ဆိုင်ထဲက ဧည့်သည်တွေ ပြန်သွားသောအခါ အမေက ဈေးဝယ်ဖို့ထွက်သွားသည်။ ကျွန်တော်ကတော့ စားသောက်ပြီးသားပန်းကန်တွေကို သိမ်းဆည်းပြီး သန့်ရှင်းရေးလုပ်နေမိသည်။
မီးဖိုခန်းထဲမှာ ပန်းကန်တွေဆေးနေတုန်း ဆိုင်ထဲကို ဝင်လာသောဖိနပ်သံကို ကြားရသည်။

Married to a PrinceWhere stories live. Discover now