အချစ်စစ်၏ တည်နေရာ
Season (1)
အပိုင်း(၃၄)
"မိုးစက်က သူမသေခင် သူ့ညီမကို လက်ထပ်ဖို့မှာသွားလို့ပါ။ လက်ထပ်ပွဲကို ကျွန်တော် ဖိတ်လိုက်ပါ့မယ်။ အခုတော့ ခွင့်ပြုပါအုံး။ သမီးလေးလာ။ ဖေဖေ့ဆီကို။ "
"ရတယ်၊ အကို ။ သမီးကို မိုးပဲ ဆက်ပွေ့ထားလိုက်မယ်။ အအေးတွေ မမှောက်စေနဲ့နော်။ သမီးလေး ရေဆာနေပြီ။"
မိုးစက် သူ့ကို ဥပက္ခာပြုကာ ကိုရန်နိုင်ကို တွဲကာ ထွက်လာခဲ့သည်။ နှင်းထန်သည် သူတို့ကို ကြည့်ကာ ကျန်ရစ်ခဲ့သည်။
မိုးစက်နင့် ကိုရန်နိုင်ကိုငေးကြည့်ရင်း နှင်းထန်ကျန်ရစ်ခဲ့သည်။ မိုးစက်သည် ကားပေါ်ရောက်သော အခါ သူ့ကိုတချက်လှမ်းကြည့်ပြီး ရင်ထဲစူးနေအောင်နာလာသည်။ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ၀ဲလာသော မျက်ရည်ကိုထိန်းလိုက်ရသည်။
ဆောင်းနှင်းဖြူလေးက မိုးစက်၏မျက်နှာကို မော့ကြည့်ကာ ငိုမဲ့ငိုမဲ့ဖြင့်
"အန်တီ... ငိုနဲ့နော်..."
မိုးစက် သည် အင်မတန်ကို ပါးနပ်ကာ မိမိကိုခင်တွယ်လွန်းသော သမီးလေး၏ခေါင်းကိုပွတ်ကာ
"မငိုပါဘူး သမီးရယ်။ "
ဆောင်းနှင်းဖြူလေးသည် အန်တီ့ကိုယ်ကို တင်းတင်းဖက်ကာ ရင်ခွင်ထဲ ခေါင်းကိုဖွက်ထားလိုက် သည်။
"သမီးလေး ဖေဖေ့ဆီလာပါဦး။ အန်တီလေးနေမှာပေါ့။ "
ဆောင်းနှင်းဖြူက ပိုလို့သာ မိုးစက်ကိုတိုးဖက်ထားသဖြင့် မိုးစက်က တားလိုက်သည်။ သမီးလေးက သူ့အဖေကိုစိမ်းကာ သိပ်မကပ်သဖြင့် နောက်ထပ်တခါ ခေါ်လို့မသွားလျှင် ကိုရန်နိင် စိတ်ဆိုးဦးမည် ကိုသိသောကြောင့် မိုးစက်ကပဲ သမီးလေးကို ပွေ့ထားတာများသည်။
"ရတယ် ကိုရန်နိုင်။ သမီးလေး နေတတ်သလို နေပါစေ။ ကလေး စိတ်ချမ်းသာဖို့ အရေးကြီးပါ တယ်။"
ကိုရန်နိုင်သည် သမီးလေးကို သံယောဇဉ်ကြီးလွန်းကာ အနွံတာခံလွန်းသော မိုးစက်ကို မြတ်နိုးစွာ ကြည့်ကာ
"မိုး... သူက မိုးကို သိသွားပြီ။ ကိုယ် မိုးကို စိတ်မချတော့ဘူး။ လက်ထပ်ထားချင်ပြီကွယ်။"
မိုးစက် သူ့ကို လှည့်ကြည့်ကာ နူးညံ့သော်လည်း ပြတ်သားသည့် လေသံဖြင့် ပြောလိုက်သည်။
"အကို ကျွန်မကို စိတ်မချလို့ဆိုရင် လက်ထပ်လည်း အမြဲ ပူလောင်နေဦးမှာပဲ။ ကျွန်မကို ယုံကြည်မှ လက်ထပ်ပါအကို။ ကျွန်မ မနှင်းဖြူဆုံးတာ တစ်နှစ်ပြည့်မှ လက်ထပ်မယ်။ ဆောင်းနှင်းဖြူလေး ရဲ့ မွေးမိခင်ကို ဒ်ီလောက်တော့ မိုးလေးစားမှုကိုပြပါရစေ။ဒီအကြောင်း နောက်ထပ်မပြောပါနဲ့တော့။"
မိုးစက်၏ ခိုင်မာပြတ်သားသောစကားသံကြောင့် ကိုရန်နိုင်သက်ပြင်းချလိုက်သည်။
"ဒါဆို သူထပ်မနှောက်ယှက်နိုင်အောင် အစောင့်မပါပဲ မိုးဘယ်မှမသွားနဲ့နော်။"
"ကိုရန်နိုင်ရယ် အဲ့လောက်မလိုဘူးလို့ မိုးထင်ပါတယ်။"
"လိုတာပေါ့ မိုးရယ်။ ကိုယ့်လက်ထဲက ချစ်သူကို ပါမသွားအောင် ကာကွယ်ရမှာကိုယ့်တာဝန်လေ။ အဲ့အတွက် မိုးလေး စိတ်ရှုပ်ရရင် ဆောရီးပါကွယ်။"
မိုးစက် ဘာမှ ဆက်မပြောချင်တော့ပါ။ အကိုနှင်းထန်၏ လွမ်းဆွတ်သည့် မျက်ဝန်းကိုတွေ့ပြီးနောက် သူ့ကို မိမိမည်မျှချစ်သည်၊ မည်မျှလွမ်းဆွတ်သည်ကို သိလိုက်ရလေပြီ။ မိုးစက်သည် ညီမလေးကို ပေးခဲ့သည့် ကတိအရ သူ့နားကို မိမိသွားခွင့်ရှိတော့မည် မဟုတ်ပေ။ ပြီးတော့ သွားခဲ့လျှင်တောင်မှ မိန်းကလေးဖြစ်သွားသော မိမိကို သူအရင်လိုချစ်ပါအုံးမည်လားဆိုတာ မသေချာတော့ပေ။
မိုးစက်လည်း ဝေးလက်စဖြင့် သူလည်း သွေးအေးပါစေတော့ဆိုပြီး တတ်နိုင်သလောက် အိမ်ပြင်ကို မထွက်တော့ပေ။ ထွက်လျှင်လည်း အစောင့် တပြုံကြီးနှင့် သွားလာရတာ မလွတ်လပ်ပေ။ မိုးစက် အပြင်မထွက်တော့သဖြင့် နှင်းထန် တမျိုးကြံရပြန်သည်။ မိုးစက်၏ အချစ်ဆုံးသူငယ်ချင်း ၀သုန်ကို လှမ်းခေါ်ကာ သွားတွေ့စေသည်။
သူလွှတ်လိုက်မှန်းသိသဖြင့် မိုးစက်ဆင်းမတွေ့သောအခါ ၀သုန်ခြံဝတွင် ဇွဲကောင်းကောင်းနှင့် စောင့်သည်။
"မိုးစက်... မင်း ငါ့ကိုတောင် ထွက်မတွေ့နိုင်ရအောင် အသည်းမာသွားပြီလားကွ။ မင်းနဲ့ငါ ညီအစ်ကို လိုနေခဲ့တာကို မင်းမေ့သွားပြီလား။ အေး.. မင်း ထွက်မတွေ့မချင်း ငါ့ ဒီနေရာကနေ စောင့်နေမှာ။ ငါ့ စိတ်ကို မင်းအသိဆုံးပါ။"
မိုးစက်သက်ပြင်းရှိုက်ကာ အပေါ်ထပ်ပြတင်းပေါက် လိုက်ကာအကွယ်မှ ကြည့်နေသည်။ သုညဒီကရီ အောက်အေးသောညအချိန်ထိ ၀သုန် ခိုက်ခိုက်တုန်အောင် ထိုင်စောင့်နေသောအခါ မိုးစက် ဆက်ပြီး ခေါင်းမမာနိုင်တော့ပါ။
ဝသုန်သည် ခြံတခါးပွင့်လာသောအခါ မနည်းအားယူကာ မတ်တပ်ရပ်လိုက်သည်။ ခြေလက်များ အေးစက်ထုံကျဉ်လို့နေပြီ။ အိမ်ဖော်တစ်ဦးထွက်လာပြီး ၀သုန်ကို လာခေါ်သဖြင့် သက်ပြင်းကို ကြိတ် ကာချလိုက်မိသည်။
နွေးထွေးသောဧည့်ခန်းအလယ်တွင် မိမိညီအစ်ကိုလို ချစ်ရသော မိုးစက် ရပ်ကာကြိုနေသည်ကိုတွေ့ သော် ၀သုန်ချက်ချင်းပြေးဖက်လိုက်မိသည်။မိုးစက်ကလည်း မိမိကို တင်းကြပ်စွာပြန်ဖက်လိုက်သည်။
"ဟင်... မိုးစက် မင်း...."
ဝသုန် သည်ထိထွေးသော ရင်ဘတ်ကြောင့် လန့်ဖြတ်သွားသည်။ စကားများပင် ထစ်အသွားသည်။ မိမိ သူငယ်ချင်းက ယောက်ျားဘ၀ကို စွန့်လွှတ်လိုက်လေပြီ။
"မင်း မိုက်လိုက်တာကွာ။ ဘယ်လိုစိတ်ကူးနဲ့မိန်းမအဖြစ်ကို ခံယူလိုက်တာလဲ။ရခဲတဲ့ ယောက်ျားဘ၀ ကိုမင်းမို့လို့ လွယ်လွယ်ကူကူ စွန့်လွှတ်ရက်တယ်။ မင်း အဖေသာသိရင် သွေးတိုးလို့သေမှာ။ မင်းကွာ ငါစိတ်ရှိလက်ရှိ လုပ်လိုက်လို့ကတော့ ၁၀ ခါပြန်သေလောက်ပြီ။ မင်းကွာ.... ငါ့ကို နည်းနည်း လေးတော့ လှမ်းတိုင်ပင်ပါအုံးတော့လားကွာ။ အခုတော့ မင်းက မင်းညီမအတွက် မျက်ကန်းလိုပဲ ဘာမှ မစဉ်းစားပဲ လျှောက်လုပ်တော့တာပဲကွာ။ "
ဝသုန်က ပြောလည်းပြော ငိုလည်းငို နေသဖြင့် မိုးစက်လည်း မျက်ရည်ကျမိသည်။ သူငယ်ချင်း ဘာပြော ပြော တခွန်းမှ ပြန်မပြောပေ။ ၀သုန် စိတ်တိုင်းကျ ပြောခိုင်းပြီးမှ မျက်ရည်ကို သုတ်ကာ
"မင်းမိုးပွင့် သေခါနီးပုံစံကိုမြင်ရင် ဒီစကားကို ဘယ်ပြောတော့မှာလဲ။ ငါ့ ညီမ မိဆိုးလေးလေ သူ ကိုယ်ဝန်ပျက်ကျပြီး စိတ်ထိခိုက်လို့ သူ့နှလုံးရောဂါလည်းဖောက်ရင်း သေခဲ့ရတာ။ ငါ့ မျက်စိရှေ့မှာ သူသေတာကို ဘာမှ မလုပ်ပေးနိုင်ပဲ ထိုင်ကြည့်နေခဲ့ရတာ။ သူ အကို့ကို အရမ်းချစ်တဲ့ အကြောင်း တဖွဖွပြောရင်း ဆုံးသွားတာ။ "
ဝသုန်သည် မိုးစက်၏သံယောဇဉ်ကြီးပုံကို သိသူပီပီ ထိုအချိန် မိုးစက် မည်မျှခံစားရမည်ကို တွေးမိ ကာ သက်ပြင်း၇ှိုက်မိသည်။
"မင်းညီမက မင်းအပေါ် သေတဲ့အထိ ဒုက္ခပေးသွားတာပဲကွ။ မင်းစိတ်မကောင်းဖြစ်တာကို ငါ နား လည် ပါတယ်။ ဒါပေမယ့် ဘာကြောင့် မိန်းမလို ခွဲစိတ်လိုက်ရတာလဲ။ ဘာကြောင့် ကိုရန်နိင် နဲ့ အတူ နေရတာလဲ။ ငါကျေနပ်အောင် ရှင်းစမ်းပါ။ မရှင်းနိုင်ရင် မင်းကို ငါသတ်မယ်။"
မိုးစက်သည် ၀သုန့်ကို ထိုင်ခုံတွင်အတူထိုင်စေပြီး ရှင်းပြသည်။
"ငါ့ညီမလေးက သူသေခါနီးမှာ ငါ့ကို နောက်ဆုံးတခုလုပ်ခိုင်းလိုက်တယ်။ မိုးစက်ဘ၀ကို အဆုံးသတ် ပြီး မိုးပွင့်ဘ၀နဲ့ ဆက်ပြီးရှင်သန်သွားစေချင်တယ်။ ငါ့ညီမလေး အသေဖြောင့်အောင် ငါကတိပေး လိုက်ရတယ်။ ပြီးတော့ သူ့ရင်ခွင်ကို တမ်းတရင်းညီမလေး သေသွားတာဆိုတော့ ငါ့ သူ့ရင်ခွင်မှာ ဘယ်လိုဆက်ပျော်နိုင်မှာလဲ။အမြဲတမ်း ညီမလေးငိုသံကို ကြားနေမှာပေါ့။ငါ ဒါ့ကြောင့် သူ့ဆီလုံးဝ မပြန်တော့ပဲ ကိုရန်နိင်နောက်ကို လိုက်လာခဲ့တာ။"
"မင်း ဘာကြောင့် သူနဲ့လက်ထပ်မှာလဲ မိုးစက်။ မင်း သူ့ကိုချစ်လို့လား။"
"ငါ ချစ်တာ အကို တယောက်တည်းပါ။ သူ့မိုးပွင့်ကို စောင့်ရှောက်ထားတဲ့ကျေးဇူးကို ပြန်ဆပ်ချင် တာရယ်၊ သမီးလေးကို သနားလို့ရယ် သူ့ကို ငါလက်ထပ်ဖို့ သဘောတူလိုက်တာပါ။ သူက ငါ့ကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးနေတယ်လေ။"
ဝသုန် ဒေါသတကြီးနှင့် တချက်ဆဲကာ
"မင်းက မချစ်ပဲ သူနဲ့ယူပြီး ညတိုင်း sex ဖြစ်နိုင်တယ်ပေါ့ ဟုတ်လား။"
"မင်းကလည်းကွာ.. စကားပြောရင့်သီးလိုက်တာ။"
"ငါအမှန်ပြောတာပဲလေ။ မင်းက ယောက်ျားကြီးဖြစ်လျက်နဲ့ ဒေါက်တာနှင်းထန်နဲ့ အတူနေတော့ မင်းအစား ငါ ရင်နာတယ်ကွ။ သြော် မင်းတို့တွေ အချစ်စစ်နဲ့ချစ်လို့ပါလေ ဆိုပြီး လင်ခန်းမယားခန်း ကို တတ်နိုင်သလောက် ငါ နားလည်အောင်ကြိုးစားခဲ့တယ်။ အခုကတော့ကွာ မင်းက ဖာသည်မို့ လား။ မချစ်ပဲ အတူနေရလောက်အောင်။ မိုးစက်ရာ။ ငါမင်းကို ဆွဲထိုးချင်လာပြီ။"
မိုးစက် သူငယ်ချင်း၏ လက်ကို ဆွဲယူကာ မိမိပါးတွင်ကပ်လိုက်ပြီး
"မင်းစိတ်တိုင်းကျ ငါ့ကို ထိုးသွားလိုက်ပါကွာ။ ငါ.. မင်းလုပ်သမျှ ခံပါ့မယ်။ ဒါပေမယ့် ငါ့ကိုတော့ မမုန်းလိုက်ပါနဲ့ကွာ။ ငါ့မှာ မင်းတယောက်တည်းရှိတော့လို့ပါ။"
"မိုးစက်ရာ... မင်းတော့ကွာ။ ဘာကြောင့် ဒီလောက်'အ'ရတာလဲကွာ။ "
ဝသုန်လက်သီးနှင့်ရွယ်ကာ မချိတင်ကဲပြောလိုက်မိသည်။ထိုစဉ် လေးနှစ်ခွဲခန့်ရှိသော ကလေးမလေး တဦး အိမ်ပေါ်မှ ပြေးဆင်းလာပြီး မိုးစက်ထံပြေးလာသည်။
"အန်တီ ...အန်တီ့ကို မရိုက်ပါနဲ့ ..."
"သမီးလေး ဒီဦးဦးက အန်တီ့ သူငယ်ချင်းပါ။ အန်တီ့ကို ဘာမှမလုပ်ပါဘူး။ ဦးဦးကို နူတ်ဆက်လိုက်ပါ ဦး"
"ဟင့်အင်း... အန်တီ့ကို ခေါ်သွားမလို့လာတာလားဟင်။ ဟို ဦးဦးလို အန်တီ့ကို ခေါ်သွားမလို့လား ဟင်။"
"ဘယ်ဦးဦးလိုလဲ သမီးရဲ့၊ သမီးကိုဘယ်သူပြောတာလဲ။"
"ဖေဖေပြောတာ။ ဦးဦးတွေက အန်တီ့ကို အဝေးကြီးကို ခေါ်သွားမလို့တဲ့။ မသွားပါနဲ့နော်... အန်တီ ဘယ်မှ မသွားပါနဲ့ ..ဟင့်..ဟင့်... ဦးဦးတွေကို မုန်းတယ်။"
ဆောင်းနှင်းဖြူလေးက ငိုချလိုက်တော့သဖြင့် မိုးစက် ကလေးကိုချော့ကာ
"တိတ်ပါ သမီးရယ်။ အန်တီ သမီးကို ခွဲမသွားပါဘူး။ တိတ်တော့နော်။ အန်တီ့သမီးလေးက စကား နားထောင်တယ် မဟုတ်လား။"
"ဟုတ်ကဲ့။"
"ဒါမှ အန်တိီက ချစ်တာ။ ကဲ ဦးဦးကို နူတ်ဆက်ပါဦး။"
"မင်္ဂလာပါ ဦးဦး။"
"မင်္ဂလာပါကွယ်။"
ဝသုန်သည် တကယ့် မိန်းကလေးနှယ်ကလေးကိုချော့နေသော သူငယ်ချင်းကို စိတ်မချမ်းသာဟန် ဖြင့်ကြည့်ကာ
"မင်းတော့ကွာ....ငါ ဘာမှကို မပြောချင်တော့ပါဘုး။"
"ငါ့အကြောင်း အကို့ကို ပြန်မပြောပါနဲ့ကွာ။"
"နောက်ကျသွားပြီ။သူ အားလုံးနီးပါး သိထားပြီးပြီကွ။မင်းကိုဖြောင့်ဖျရအောင် ငါ့ကို လွှတ်လိုက်တာ။"
"ငါ ပြန်မလိုက်နိုင်ဘူး ၀သုန်။ ငါ ကိုရန်နိုင်ကို လက်ထပ်ဖို့ ကတိပေးထားပြီးပြီ။"
"တကယ်ကြီးလား။"
"အင်း..."
"ကောင်းပြီလေ။ မင်းအဖြေကို ငါပြန်ပြောလိုက်ပါ့မယ်။ နောင် မင်းဘာလုပ်လုပ် ငါ့ကို အသိပေးမယ် လို့ ကတိပေးပါ။"
"ကတိပေးပါတယ်ကွာ"
"အေး ကတိပျက်ရင် မင်းကို ငါသတ်ပြီးမှ ထောင်ထဲဝင်သွားမယ်။"
"အေးပါကွာ။ မင်းလက်ချက်နဲ့သေရမယ်ဆိုရင် ၁၀ ခါပြန်သေရဲပါတယ် ၀သုန်ရာ။"
"တော်ပြီကွာ ။ ငါပြန်တော့မယ်။ မင်းရဲ့ဒီပုံကို မြင်ရတာ ကျက်သရေတုန်းတယ်။ သွားတော့မယ်။"
"ငါ လိုက်ပို့ခိုင်းလိုက်ပါ့မယ်။"
"ရတယ်။ ကားဌားပြန်မယ်။ ကိုရန်နိုင်ရဲ့ ကားကို မစီးချင်ဘူး။"
မိုးစက်သည် ဘုဘောက်ပြောကာပြန်သွားသော သူငယ်ချင်းကိုခြံဝထိလိုက်ပို့ကာ ငေးကျန်ရစ်ခဲ့ သည်။
ဒေါက်တာနှင်းထန်သည် ၀သုန်ထံမှ အကျိုးအကြောင်းသိပြီးသည်နှင့် မြန်မာပြည်သို့ ပြန်လာပြီ ခဏ ငြိမ်နေလိုက်သည်။ ၃ လခန့်ကြာသောအခါ ဒေါက်တာနှင်းထန် အရိပ်ကို မတွေ့ရသောအခါ မိုးစက် အတင်းပြောပြီး အစောင့်များကို ရုပ်သိမ်းခိုင်းလိုက်သည်။
ကလေးကို မူကြိုသို့ ကြိုပို့ကို မိုးစက် ခါတိုင်းလိုပြန်လုပ်လာသည်။ သူ့ကို လုံးဝမတွေ့ရသောအခါ မိုးစက် တိတ်တိတ်ကလေးတော့ ၀မ်းနည်းမိသည်။ သူမိမိကို အရင်လို မချစ်တော့ဘူးလားဟု တွေးကာ ရင်ဝယ်စူးအောင့်စွာတော့ခံစားရပါသည်။
ကိုရန်နိုင် ဥရောပသို့ ခရီးထွက်သွားသောအခါ မိုးစက် သမီးလေးကိုကြိုရန် ထွက်လာခဲ့သည်။ အပြန် သမီးလေးက ရေခဲမုန့်ပူဆာသဖြင့် ကလေးကိုခုံတန်းတွင် ထိုင်နေစေပြီး ရေခဲမုန့်သွားဝယ်ပေးပြီး ပြန်လာခဲ့သည်။ ခုံတန်းလေးတွင် ကလေးကို မတွေ့သောအခါ မိုးစက် ခေါင်းကြီးသွားတော့သည်။
"ဆောင်းလေး... သမီး..."
ထိုစဉ် မိုးစက်၏ ဖုန်းမြည်လာသဖြင့် ထူးလိုက်သည။်
"မိုး မင်း ဆောင်းနှင်းဖြူလေးကို ပြန်တွေ့ချင်ရဲ့လား။"
မိုးစက် တသက်မမေ့နိုင်သော သူ့အသံကိုကြားသော် မိုးစက် ရင်ခုန်ခြင်းတ၀က်၊ စိတ်ဆိုးခြင်းတ၀က် ခံစားလိုက်ရသည်။
"ရှင် ဆောင်းလေးကို ခေါ်သွားသလား ဒေါက်တာ"
"ဒါပေါ့။"
"ရှင် ကလေးကို ပြန်လွှတ်ပေးပါ။ ကလေးကို ပြန်မပေးရင် ရှင့်ကို ရဲတိုင်မယ်။ တရားစွဲမယ်။"
"စွဲလေ။ မင်းမှာ ဘာသက်သေရှိလို့လဲ။ ကိုယ်ဘယ်မှာရှိလဲဆိုတာတောင် မင်းသိရဲ့လား။"
သူ့စကားကြောင့် မိုးစက် သတိဝင်လာသည်။
"ရှင် ဘာလိုချင်တာလဲ။"
"မင်းကို။ မင်းနဲ့ ကလေး လဲမယ်။"
"မဖြစ်နိုင်ဘူးဒေါက်တာ။ ရှင့်ဆီ ကျွန်မ ပြန်လာမှာ မဟုတ်ဘူး။"
"ကောင်းပြီလေ။ ကလေးကို ကိုယ်ခေါ်သွားတော့မယ်။ အခု ကလေးက မင်းကို တပြီးငိုနေတယ်။ မင်း ကို တော်တော်ချစ်ပုံရတယ်နော်။ မင်းအချစ်တုံးကြီးကို ကြည့်ကျက်ပြောလိုက်ပေါ့။ Good Luck မိုးစက်။"
သူပြောပြီးဖုန်းချလိုက်သဖြင့် မိုးစက် သူ့ထံ ပြန်ခေါ်လိုက်သည်။ ဆောင်းလေး အရမ်းကြောက်နေ မည်ကိုစိုးကာ အမြန်သူ့ကို ခေါ်လိုက်သည်။
"ဒေါက်တာ ဆောင်းလေးကို ပြန်လွှတ်ပေးပါ။ ရှင်လိုတာ အားလုံးရစေမယ်."
"လမ်းတဖက်က ကားအနက်ပေါ်တက်လိုက်ပါ။ ရဲကို ဖုန်းဆက်မယ်လို့ မစဉ်းစားနဲ့။"
မိုးစက် သူပြောသည့်အတိုင်း ကားပေါ်တက်လိုက်စဉ် ကားက တရှိန်ထိုးမောင်းထွက်သွားတော့သည်။
"ဒေါက်တာ ကလေး ဘယ်မှာလဲ။ ဆောင်းလေးကို ခေါ်ပေးပါ။"
သူ့ထံသို့ရောက်သည်နှင့် မိုးစက် သူ့ကို အလောတကြီးမေးလိုက်သည်။ သူက မိုးစက်ကို လွမ်းဆွတ်စွာပွေ့ဖက်ကာ
"လွမ်းလိုက်ရတာ ချာတိတ်ရာ။ ကိုယ့်ကို ထပ်ခွဲမသွားရတော့ဘူး။ မင်းကအခု ကျုပ်ရဲ့မိန်းကလေးပဲ။"
"ဆောင်းလေး ဘယ်မှာလဲ ဒေါက်တာ။"
"သူ့အိမ်ကို ပြန်ရောက်လောက်ပြိ။ ကိုယ်လိုချင်တာ မင်းပါ။ ကလေးကို ဘာကြောင့် ခေါ်ထားမှာလဲ။ လာပါဦး ချစ်သူလေးရယ်။ မင်းကို ကိုယ် ပွေ့ထားပါရစေဦး။"
မိုးစက် သူ့လက်များကိုရုန်းဖယ်ကာ တင်းမာစွာပြောလိုက်သည်။
"ကျွန်မက ရှင်မလိုချင်လို့ အရှက်ခွဲပြိး အိမ်ပေါ်က မောင်းချလိုက်တဲ့မိုးပွင့်ပါ။ရှင် ကျွန်မ အသားကို ထိစရာမလိုပါဘူး။ "
"မင်း က မိုးပွင့်အဖြစ်ကို ခံယူလိုက်ပြီပေါ့ ဟုတ်လား။"
"ဟုတ်တယ်။ကျွန်မကမိုးပွင့်ပဲ။ရှင် ကွာရှင်းခဲ့တဲ့ မိန်းကလေးပါ။ကျွန်မကို ရှငိခေါ်ထား ပိုင်ခွင့်မရှိဘူး။"
"သိပ်ရှိတာပေါ့။ မင်းက မိုးပွင့်ဆိုရင် ကျူပ်တရားဝင် ဇနီးမယားပဲ။ မိုးပွင့်ကို ကျုပ် ကွာရှင်းမထားပါ ဘူး။ သူ့ဖာသာ ကိုယ်ဝန်အကြောင်းပေါ်လို့ မျက်နှာပူပြီး အိမ်ပေါ်က ဆင်းသွားတာ။ မင်း ကိုလက်ခံ ထားရင် ကိုရန်နိုင်ကိုကျုပ် မယားခိုးမှုနဲ့ တရားစွဲမယ်။"
"ရှင်လိမ်တာ။"
"စမ်းကြည့်လိုက်လေ။ မင်းရဲ့ နောက်ချစ်သူ ထောင်နန်းစံစေချင်ရင်ပေါ့။ ကဲ မနက်ဖြန် မြန်မာပြည် ပြန်မယ်။ မင်းပြန်လိုက်ခဲ့ရမယ်။ မင်းက ကျုပ်ရဲ့တရားဝင်မိန်းမ မိုးပွင့်ပဲ။ "
မိုးစက် သူ့ကို ဘာပြန်ပြောရမှန်း မသိတော့ပါ။ သူပြောသလို မိမိက မိုးပွင့်ဆိုတော့ သူ့မယားပဲပေါ့။
သူ၏ အကျဥ်းသားအဖြစ် သူ့ရင်ခွင်ထဲ တဖန် ရောက်ခဲ့ရပြန်သည်။
"မိုးလေး... အခုက ကိုယ်တို့ရဲ့ မင်္ဂလာဦးညလေးပေါ့နော်။"
မိုးစက်သု့လက်ကို ပုတ်ထုတ်ကာ
"ဘာတွေပြောနေတာလဲ။ "
"မိန်းကလေးဘ၀နဲ့ ကိုယ်နဲ့အတူနေတာ မင်္ဂလာဦးပဲပေါ့။ကိုယ်မင်းကို ဘယ်လောက်လွမ်းနေရတယ် မှတ်သလဲ မိုးစက်ရယ်။"
"ကျွန်မကို မိုးစက်လို့ မခေါ်နဲ့။ ကျွန်မက မိုးပွင့်ပါ ရှင် သိပ်မုန်းခဲ့တဲ့ မိုးပွင့်ပါ"
"ဟုတ်လား... ဒါဆိုလည်း ချစ်ဇနီးလေးကို ဘယ်လောက်ချစ်တယ်ဆိုတာ လက်တွေ့ပြရတာပေါ့ မိုးလေးရယ်။"
မိုးစက်သည်ဘယ်လိုပြောပြောမရပဲ သူ့အချစ်ဒီလှိုင်းအောက်သို့ေ၇ာက်သွားရတော့သည်။ ယောက်ျားလေးဘ၀နှင့် ချစ်ရသည်မျိုးမဟုတ်ပဲ မိန်းကလေးဘ၀နှင့် သူနှင့် ပထမဆုံးချစ်တင်းနှော ရခြင်းဖြစ်သဖြင့် မိုးစက် ထိတ်လန့်တုန်လှုပ်မိသည်။ သို့သော် သူက မိုးစက်ကို အရင် မိန်းမော အောင် ဆွဲဆောင်ပြီးမှ အချစ်တိုင်းပြည်ကို ထူထောင်သဖြင့် မိုးစက် မူးမူးမေ့မေ့ဖြင့် သူဖန်ဆင်းသော အချစ်ပင်လယ်ထဲကျဆင်းသွားရတော့သည်။
~ ဆက်ရန်
