289 40 0
ကျွန်မတို့ မိန်းမသားများသည် မျိုသိပ်ခြင်းအတတ်ပညာကို ရင်းနှီးကျွမ်းဝင်သူများဟု ကျွန်မက သတ်မှတ်ချင်သည်။ မိန်းမတို့သည် လူမှုရေး၊ စီးပွားရေး စသည့်နယ်ပယ်များတွင်သာမက အချစ်ရေးရာတွင်လည်း တစ်ပန်းရူံးကြသည်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက မိန်းမတို့သည်ချစ်ခြင်းတရားတွင် ဝိဘတ်နေရာ၌သာနေရမည်ဟူသော မမြင်ရသည့်ဥပဒေကို သတ်မှတ်ပေးခဲ့ဟန်တူပါသည်။ ''မိန်းမတစ်ယောက်မှ စတင်ချစ်မိခဲ့သည်'' ဟူသော အကြောင်းအရာကိုကြားသည်နှင့် ပတ်ဝန်းကျင်မှမျက်လုံးများအရောင်ပြောင်းသွားတတ်သည်ကို ကျွန်မသိရသည့်အခါတွင် ချစ်ခြင်းတရားအားရွံရှာစက်ဆုပ်မိလာ၏။ လူတစ်ဦးက တစ်ဦးကို ချစ်မြတ်နိုးသောကိစ္စတွင် မိန်းမများသည် စည်းကမ်းဘောင်များလိုအပ်ပါသလား။
မိန်းမသားတစ်ယောက်၏ ချစ်ခြင်းသည် ထိုမျှရှုပ်ထွေးမှန်း ကျွန်မ ယခုမှ နားလည်သဘောပေါက်လာရသည်။ ချစ်ရသူကိုမတွေ့ရသည့် ရက်များတွင် အလွမ်းတို့ဖြင့်တနင့်တပိုးပင်ပန်းနေသူမှာ ကျွန်မဖြစ်သော်လည်း တွေ့ရသည့်အခါတွင် အဝေးမှသာလှမ်းကြည့်လေ့ရှိကာ မျက်နှာချင်းဆိုင်ဆုံရမည့် အခြေအနေမျိုးကိုပင် ထွက်ပြေးပုန်းရှောင်တတ်ပြန်လေသည်။ မိန်းမမာယာများ ထုတ်သုံးကာလည်း သူ၏အာရုံကိုဖမ်းစားလိုခြင်း အလျဉ်းမရှိ။ ''ကျွန်မအပေါ် ချစ်ရသူ၏ အထင်အမြင်'' ဆိုသည့် ခေါင်းစဉ်နှင့်ပက်သက်၍ ကျွန်မသည် သူ၏မျက်ဝန်းထောင့်လေး၌ကပ်ပါသွားမည်ကိုပင် ကြောက်ရွံ့နေမိခြင်းဖြစ်ပါသည်။
"နင်က သူ့ကို ချစ်နေတဲ့အရိပ်အရောင်လေး ဘာလေးပြပါလား။ သူကနင့်အချစ်ကိုသိမှ ပြန်ချစ်လို့ရမှာပေါ့'' ဟု ကျွန်မ သူငယ်ချင်းမလေးက အကြံပေးတိုင်း ကျွန်မကခေါင်းတခါခါနှင့် ရယ်မောပစ်လိုက်ပါသည်။ ''ငါကြောက်တယ်'' ဟု ကျွန်မက ခပ်ပေါ့ပေါ့ပြန်ဖြေတိုင်း သူငယ်ချင်းမလေးက ''နင် သူရည်းစားရသွားတာကိုသာ ထိုင်စောင့်နေလိုက်တော့'' ဟုပြောသည်။ ထိုသို့ပြောတိုင်း ကျွန်မ ဟက်ဟက်ပက်ပက်ရယ်မောမိတော့သည်။ ကျွန်မသည် ချစ်ရသူ၏ မျက်စိထဲတွင် တန်ဖိုးမဲ့သွားမည်ကိုကြောက်ခြင်း ဖြစ်သည်ကိုတော့ သူမအား မရှင်းပြဖြစ်ခဲ့ပါ။
သူသိစေချင်ပါသည် [ သူသိစေချင်ပါသည် ]Donde viven las historias. Descúbrelo ahora