514 39 3
မာနနှင့်အရှက်သိက္ခာတို့သည် မိန်းမတစ်ယောက်၏အရေးကြီးသော ဘဝအစိတ်အပိုင်းများဟုဆိုလျှင် မိန်းမမာနမရှိတော့မည့် ကျွန်မသည် ခပ်ပေါပေါမိန်းမတစ်ဦးသာ ဖြစ်တော့မည်လား။ ထိုသို့ဆိုလျှင် အချစ်ကိုလိုသူကျွန်မသည် မာနနှင့်သိက္ခာတို့ကိုချောင်ထိုးထားခဲ့ပြီးမှ ချစ်ရသူ၏နှလုံးသားကို ပိုင်ဆိုင်နိုင်မည်ဆိုသောအချက်မှာ ပြက်ရယ်ပြုချင်စရာကောင်းလှသည်။ သေချာသည်မှာ ကျွန်မသည်လည်း ခပ်ညံ့ညံ့မိန်းမတစ်ဦးမဖြစ်ချင်ခဲ့ပါ။
ထူးခြားဆန်းပြားနေခြင်းသည် ကျွန်မ၏ ပင်ကိုယ်သဘောတရားတစ်ခုဖြစ်သလို အချစ်၏ဆန်းကြယ်ခြင်း သည်လည်း ကျွန်မထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်ကို တွေးမိလျှင် အတိုင်းအစမရှိရယ်မောပစ်ချင်သူမှာ ကျွန်မဖြစ်သည်။ ''ယောက်ျားတစ်ယောက်မရှိလျှင်လည်း ဘဝသည်ပြည့်စုံတတ်၏။'' ဟူသောစကားကို ကျင့်သုံးသောကျွန်မသည် ဟိတ်ဟန်ကြီးမည်ထင်ရသော ယောက်ျားသားတစ်ယောက်၏ဘဝထဲသို့ ခြေစုံပစ်ဝင်နေချင်ခဲ့သည်တည့်။
အမိတက္ကသိုလ်သို့ ပထမဆုံးခြေချလာသည့် အသစ်စက်စက် ကျောင်းသူလေး ကျွန်မ မိုးသဇင်သည် ယောက်ျားတစ်ယောက်အားဤမျှစွဲလမ်းနေခြင်းအပေါ် သူငယ်ချင်းများက ''မိုးသဇင်...နင်ရူးများသွားသလားဟင်'' ဟု ကရုဏာဖြင့်ပြောလေ့ရှိသည်။ သူတို့ ထိုကဲ့သို့ပြောတိုင်း ကျွန်မက''အေး.....ငါသွက်သွက်ခါအောင် ရူးသွားတာဖြစ်မယ်'' ဟု ပြန်လည်ပြောစမြဲ။ ဟုတ်သည်လေ။ မိုးသဇင်ဆိုတာ ဒယ်ဒီတစ်ယောက်ကလွဲ၍ မည့်သည့်ယောက်ျားကိုမှ ဂရုစိုက်ခဲ့သည့်မိန်းမ မဟုတ်။ သို့သော် မာနကြီးမည်ဟုထင်ရသော ကျွန်မသည်လည်း ကျားအရေခွံကိုခြုံထားသော ယုန်သူငယ်တစ်ကောင်သာဖြစ်သည်ကိုတော့ ဘယ်တစ်ဦးတစ်ယောက်ကိုမှ ဖွင့်ပြောမည်မဟုတ်ပါ။
တစ်နေ့ ''နင်သူ့ကို ဘယ်တုန်းကစချစ်မိသွားတာလဲ'' ဟု ကျွန်မသူငယ်ချင်းဖြစ်သည့် မေလေးက မေးလာတော့ ကျွန်မက ဖြစ်ကြောင်းကုန်စင်ကိုရှင်းပြဖြစ်ခဲ့သည်။
ကျွန်မနှင့် ချစ်ရသူသည် ဆိုရှယ်မီဒီယာတစ်ခုပေါ်တွင် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ကြီးကျယ်တတ်လွန်းသောကျွန်မသည် အွန်လိုင်းအချစ်ဆိုသည်ကို အယုံအကြည်ကင်းမဲ့သူဖြစ်သည်၊၊ ထို့ကြောင့် တော်လွန်းခန့်ညားလွန်းသော ချစ်ရသူအားလေးစားအားကျခဲ့ရုံမှလွဲ၍ တခြားစိတ်များမပါဝင်ခဲ့ပါ။ သို့သော် ကံကြမ္မာသည် ကျွန်မအား ချစ်ရသူနှင့်ဆုံဆည်းခွင့်ပေးထားခဲ့သည်။ တက္ကသိုလ်တက်ရန်ကျောင်းသွားအပ်သည့်နေ့က ချစ်ရသူအားငြိမ်းချမ်းစွာ တွေမြင်ခွင့်ရခဲ့ပါ၏။ ချစ်ရသူသည် ကျွန်မတက်မည့်ကျောင်းမှ စီနီယာကျောင်းသားတစ်ဦးဖြစ်နေခဲ့သည်လေ။
သူသိစေချင်ပါသည် [ သူသိစေချင်ပါသည် ]Hikayelerin yaşadığı yer. Şimdi keşfedin