အပိုင်း (၃) ချစ်ခွင့်

6K 514 20
                                    

အပိုင်း သုံး

ချစ်ခွင့်

မြောက်လေကပြန်တော့
ချစ်သူကို အပါခေါ်ဖို့ တောင်းဆိုတာကို
ငွေနှင်းဖြူတွေငိုမှာစိုးလို့ ငြင်းလိုက်ရတယ်။

ဒီလိုနဲ့ ဝေးကွာခဲ့ရပြီး ပြန်မနီးစပ်တော့တဲ့ ဟေမာန်ဆောင်း။

နောက်တစ်ကြိမ်တော့ ချစ်ခွင့်ရချင်မိတယ်။

...........

မေမေကို ဧည့်ခန်းထဲ ပို့ထားပြီးနောက် သုခ လင်းတို့ခြံအနောက်ဘက်ကို ထွက်လာခဲ့သည်။ အိမ်ကို လမ်းမျက်နှာစာနှင့် ကပ်ဆောက်ထားသောကြောင့် အနောက်ဘက်ခြမ်းတွင် နေရာလွတ်ကြီးက ကျယ်ပြန့်စွာရှိနေပြီး သရက်ပင်၊ ပိန္နဲပင်၊ ငှက်ပျောပင်နှင့် သင်္ဘောပင် အစရှိသော အသီးစားအပင်များလည်း စိုက်ထားသလို ပန်းပင်တွေနှင့် တခြားသော စိုက်ခင်းအသေးလေးတွေလည်းရှိ၏။

ခြံရဲ့အဆုံးမရောက်ခင် ခပ်လှမ်းလှမ်းမှာ သစ်သားအိမ်တန်းလေးတွေလည်း လှမ်းမြင်နေရပြီး အလုပ်သမားတွေနေသည့် အဆောင်ဖြစ်သည်။ လင်းတို့အိမ်က အမရပူရမြို့နယ်ထဲမှာ တည်ရှိပြီး တောင်မြို့ထဲမှာပဲ မိသားစုပိုင် ယက္ကန်းရုံတစ်ချို့နှင့် ပုဆိုးစက်ရုံရှိနေ၏။ သုခပြည့်လျှံ သိတာကတော့ လင်းက ထိုလုပ်ငန်းတွေကို စိတ်မဝင်စားပေ။ တစ်ခါတစ်ရံ သူ စိတ်တိုလာတိုင်း ထိုစက်ရုံလက်ခွဲတွေကို ရောင်းပြစ်တာမျိုးရှိခဲ့ဖူးလို့ လင်း သူ့ဖေဖေနှင့်ဆို အမြဲရန်ဖြစ်နေရ၏။ နောက်ဆုံး တောင်မြို့က တစ်ခုတည်းသော ပင်မယက္ကန်းရုံနှင့် ဝမ်းတွင်းက ပုဆိုးစက်ရုံတစ်ခုသာ အမွေပိုင်အဖြစ် ကျန်ရှိတော့သည့်အထိ လင်းက အကုန်သူ့သဘောဖြင့် ရောင်းချပြစ်ခဲ့သည်။ အရင်က လူတွေနဲ့သိပ်စကားမပြောဘဲ ခပ်ရိုးရိုးအေးအေးသာ ရှိခဲ့သော ထက်မြတ်ရှိန်လင်း အခုလိုတွေ ပြောင်းလဲသွားခဲ့တာဟာ အလုပ်ရဲ့ စိတ်ဖိစီးမှုကြောင့်ပဲလား။ မှတ်မိသလောက်တာ့ လင်း သူနဲ့အတူ ကျောင်းထွက်လိုက်ပြီး အိမ်လုပ်ငန်းကို စပြီးတာဝန်ယူရကတည်းက ဖြစ်မည်။

အိမ်ထောင်သည်တွေလည်း ရှိသဖြင့် တစ်ယောက်နှစ်ယောက်စသော ကလေးငယ်များကို တွေ့နေရခြင်းမှတစ်ပါး အကုန်လုံးက စက်ရုံမှာမို့ အိမ်အနောက်ခြမ်းသည် တိတ်ဆိတ်လှသည်။ လင်းတို့ အိမ်ကြီးတစ်ခုလုံးမှာ ခြံအနောက်ခြမ်းသည် သုခအကြိုက်ဆုံး ပထမနေရာဖြစ်ပြီး ဒုတိယနေရာကတော့ လင်းရဲ့အခန်းပဲဖြစ်၏။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now