အပိုင်း ကိုး
အက်ခို(ပဲ့တင်သံ)
အရူးတစ်ယောက်လို ပြုံးနေမိတာ နှစ်ပေါင်း ဘယ်လောက်ကြာသွားခဲ့လဲ။ သစ်တောထဲမှာ မျက်စိလည်ရင်း ရင်ခုန်နေမိတဲ့ အခိုက်အတန့်တွေ၊ တကယ်ဆို ဒါဟာ ပဲ့တင်သံတွေ။ သတိမပေးမချင်း ဒီတောထဲမှာ အကြိမ်ကြိမ်အဖန်ဖန် လည်နေမိတော့တယ်။
................
သုခပြည့်လျှံ သေးငယ်သော ဖင်ထိုင်ခုံတစ်ခုပေါ် ဒူးနှစ်ဖက်ကိုထောင်၍ ထိုင်နေပြီး လက်ဆယ်ချောင်းလုံးက ကွန်ပျူတာပေါ်တွင် တဒေါက်ဒေါက်ဖြင့် ပြေးလွှားလို့နေ၏။ ညနေစောင်းလို့ ညရောက်မှ ကြည့်ပြီးသွားသော ရုပ်ရှင်တစ်ခု၏ အညွှန်းကို အားသွန်ခွန်စိုက် ရေးနေခြင်းပင်။ ဒါကလည်း သူ့အလုပ်တစ်ခုပဲမဟုတ်လား။ ပြီးရင် ရုပ်ရှင်ကားတွေအပြင် စာအုပ်လည်း အညွှန်းရေးပေးရသည်။ အဓိကကတော့ စာအုပ်နှင့် ရုပ်ရှင်ခွေသွားယူဖို့ အလုပ်ရှင်ခေါ်သည့် အချိန်မှသာ ရုံးသို့သွားရပြီး ကျန်တဲ့အချိန်တော့ သွားချင်လည်းရသည်၊ မသွားချင်လည်း ရသည်။ အလုပ်က သက်သာတယ် ထင်ရပေမယ့် ဦးနှောက်စားသည့် အလုပ်မျိုးဖြစ်ပြီး လခကလည်း သိပ်များများစားစား မရ။ ၀ါသနာပါ၍သာ။ ထိုအခိုက်အတန့် သုခ၏ စာရိုက်နေသော လက်များရပ်တန့်သွားကာ ဗိုက်ကိုတစ်ချက်ပွတ်လိုက်၏။
"ဗိုက်ဆာလိုက်တာ။"
သုံးခါဆက်တိုက်လောက် တဂွီဂွီမြည်လာသည့် နောက်ဆုံး သုခ ရေးလက်စကို ပြစ်ထားခဲ့ပြီး အခန်းအပြင်ကိုထွက်ကာ မေမေ့အခန်းရှေ့ရပ်၍ တံခါးခေါက်လိုက်သည်။
"မေမေ"
"ဖွင့်လိုက် သုခရေ။"
အထဲမှတုံ့ပြန်သံသည် အလျဉ်လိုသလို ကျယ်လည်းကျယ်သည်။ တစ်ခုခုကို လုပ်နေရင်းမှ ပြန်ဖြေလာသည့် အသံမျိုး။ သုခတံခါးကိုဖွင့်ပြီး အထဲကို ခေါင်းပြူကြည့်လိုက်တော့ မှန်တင်ခုံပေါ်မှာ ထိုင်နေသော မေမေ့ကျောပြင်ကို လှမ်းမြင်လိုက်ရ၏။
"မေမေ ညစာဘာချက်ထားလဲ။"
နောက်ကျောပေးထားရာမှ သုခဆီ လှည့်လာသောအခါ ဖြူဖွေးနေသော မေမေ့မျက်နှာကြောင့် မျက်လုံးပင်ပြူးသွားရသည်။
ESTÁS LEYENDO
လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)
Poesíaငါ့အချစ်က အတ္တတွေမကင်းပေမဲ့ ပိုင်ဆိုင်လိုစိတ် အလျင်းမရှိတဲ့ မင်းကြိုက်တဲ့ အဖြူရောင်ပါ။ -လင်း-