"မပြောဖြစ်တဲ့ စကားတွေထဲမှာ ကျွန်တော့်ကို ရှာပါ။"
ဘယ်ခရီးကိုပဲ အပြင်း နှင်နှင်
အဆုံးသတ်မှာ မင်းဆိုတဲ့ ဘူတာလေးကိုပဲ ဆိုက်တယ်။
ကျွန်တော် မင်းနဲ့ ဝေးချင်တယ်လို့ အော်ဟစ်ရင်း
မင်းရှိရာကို နေ့တိုင်းပြေးတယ်။
မင်းကို ကျောခိုင်းပြီးတဲ့နောက် ကျွန်တော့်ခြေလှမ်းတွေ
ဦးတည်ရာမဲ့ကုန်တော့တာပဲ။
မင်းကို မချစ်တော့ဘူးလို့ ပြောခဲ့တဲ့နေ့ကစ
ကျွန်တော့်ကောင်းကင်မှာ ကြယ်မစုံတော့ဘူး။
အမှန်တိုင်း ဝန်ခံရကြေးဆို
ကျွန်တော့်အတွက်က မင်းမဟုတ်လို့ လုံးဝမဖြစ်ဘူး။
ဒါပေမယ့်လည်း မင်းပြောဖူးသလိုပေါ့။
ကျွန်တော်က သိပ်မာနကြီးတယ်။
အချစ်ထက် မင်းထက် အားလုံးထက်
ကျွန်တော့်မာနက ပိုအရေးကြီးတယ်လို့ သတ်မှတ်ထားတယ်။
အခုလည်း အဲ့ဒီလိုပါပဲ။
ကျွန်တော်ရဲ့လက်ကျန်မာနလေးအတွက်
မင်းကို ချစ်နေသေးတယ်လို့
ကျွန်တော့်ဖက်ကစပြီး ဘယ်တော့မှ မပြောတော့ဘူး။
ဘယ်တော့မှ မပြောချင်တော့ဘူး။
ဒါကြောင့် အကယ်၍ မင်းမှာ အချိန်များပိုခဲ့ရင်
မပြောဖြစ်တဲ့ စကားတွေထဲမှာ ကျွန်တော်နှင့်တကွ
မင်းကို ချစ်နေသေးတဲ့ ကျွန်တော့်နှလုံးသားလေးကို ရှာပါ။
ရှာကြည့်ပေးပါပေါ့ ငယ်ရယ်။