ကလင်… ကလင်… ကလင်… အိပ်ပုပ်ကောင် ပိုင်ယု… ထတော့… အိပ်ပုပ်ကောင် ပိုင်ယု… ဖုန်းကိုင်ပါ… ပိုင်ယု.. အိပ်ပုပ်ကောင်…
မကိုင်မချင်း မြည်နေမည့် ဖုန်းကို အိပ်ရာထဲကနေ လက်ဆန့်ထုတ်ကာ လှမ်းယူလိုက်သည်။ ဒီဖုန်းသံက ဟိုကောင်ကလွဲပြီး ဘယ်သူဖြစ်နိုင်မှာလဲ။
“ဟဲလို အမိန့်ရှိပါ…”
“ပိုင်ယု… နင် ဆယ်လပိုင်းမှာ အိမ်ပြန်မှာလား…”
“အင်း.. နင်ရော…”
“တူတူပဲ… အိမ်အတွက် လက်ဆောင်ဝယ်ဖို့ ရှိတယ်… နင် လိုက်ဦးမလား..”
“အေး.. လိုက်မယ်လေ…”
“ပြီးရော… ညနေ ၆နာရီမှာ ငါတို့ တွေ့နေကျ Happy က်ာဖီဆိုင်မှာ စောင့်နေမယ်.. လာခဲ့..”
“အိုကေ.. ဘိုင့်ဘိုင်…”
“ဘိုင်…”
ဖုန်းချလိုက်ပြီးနောက် ပိုင်ယု ငိုင်ကျသွားသည်။ အိမ်မပြန်တာ ကြာပြီ ဖြစ်သောကြောင့် ဒီတစ်ခေါက် အိမ်ပြန်မှ ဖြစ်မည်။ အမေက တစ်နှစ်မှ တစ်ခါ ရက်ရှည်ခွင့်ရသောကြောင့် ပြန်လာစေချင်သည်။ တကယ်တော့ ပိုင်ယု အိမ်မပြန်ချင်ပါ။ အမေ့ကို အလုပ်ထွက်ထားကြောင်းလည်း ယခုထက်ထိ မပြောဖြစ်သေး။ တကယ်တော့ အလုပ်ထွက်ထားသည်မှာ ၃လပင် ရှိတော့မည်။ အမေကတော့ သူ့သမီး အိမ်ဆောက်ပစ္စည်း အရောင်းကုမ္ပဏီမှာ အရောင်းမြှင့်တင်ရေး ဝန်ထမ်းအဖြစ် အလုပ်လုပ်နေဆဲဟု ထင်နေတုန်း။ ထို့ကြောင့် အမေ့ကို မျက်နှာချင်း မဆိုင်ချင်သေးပါ။ အိမ်ရောက်ရင် အိမ်ရဲ့အခြေအနေကို မြင်ရပြန်ရင် စိတ်ညစ်ရသည်။ အမေ့ကို သနား၍သာ မပြောဖြစ်။ လေးလံသွားသော စိတ်တို့ကြောင့် လူကလည်း ညီးစီးစီး ဖြစ်လာသလို။ အိပ်ရာကထပြီး ဆက်ရေးနေသည့် ရေးလက်စ ဝတ္ထုတိုကိုလည်း အာရုံမစိုက်နိုင်တော့။
အဝတ်တစ်စုံကို ဆွဲယူပြီး ရေချိုးခန်းဘက်သို့ ထွက်ခဲ့လိုက်သည်။ ကျလာသော ရေမွှားလေးများကို ကြည့်ရင်း ဒီလ ရေဖိုး မပေးရသေးသည်ကို တွေးမိပြန်သည်။ တဆက်တည်းမှာပင် အိမ်ငှားခ ပေးရဦးမည်ကို တွေးမိသောအခါ ခေါင်းပါ ကိုက်လာသည်။ ခေါင်းလျှော်ရည်ကို လက်ထဲ များများလောင်းထည့်ပြီး အမြှုပ်များ တဖွားဖွားထွက်လာအောင် လုပ်ကာ ရေချိုးခေါင်းလျှော် လုပ်ပစ်လိုက်သည်။
ESTÁS LEYENDO
နားကပ်လေး တစ်ရံ
Historia Cortaတကယ်မမှတ်မိတာလား... စနောက်ခြင်းပဲလား... နားကပ်လေးတစ်ရံ ကနေတဆင့် အသိတစ်ခုတော့ ရလိုက်တယ်... (My Own Creation)