“မား…. မား နားကပ်က ဘယ်တုန်းကတည်းက ဝယ်ထားတာလဲ…”
“နင့်ပါပါး ဝယ်ထားပေးတာ… ကြာလှပေါ့…. နင် တစ်သက် ရှိပြီ…”
သူမတစ်သက်ဆိုတော့ နှစ်ပေါင်း ၂၆ နှစ် ရှိပြီပေါ့။ အမေက နားကပ်တစ်ရံထဲကို အဲဒီလောက်ကြာအောင် ပန်ထားတာပါလား။
“အသစ်လဲလိုက်ပါလား မားရယ်… နားကပ်က ဟောင်းလွန်းလှပြီ…”
“အို… နင့်ပါပါး ဝယ်ထားပေးထားတာဟဲ့… မလဲချင်ပါဘူး… ပိုက်ဆံကုန်တယ်…”
တိုက်တွန်းလို့ ရမည်မဟုတ်မှန်း သူမ သိပါသည်။ အဖေဝယ်ပေးထားတာဆိုတော့ မလဲချင်တာလည်း ဖြစ်နိုင်သည်။
“နင် နောက်နှစ်ကျရင် ပြန်လာခဲ့ဦး… နင့်အဖေ ဆယ်နှစ်ပြည့်အတွက် ဘုံကျောင်းမှာ အလှူလေး တစ်ခုလောက် လုပ်မလားလို့ ငါ စဉ်းစားထားတယ်…”
ပါပါး ဆုံးတာ ဆယ်နှစ်တောင် ရှိတော့မည်။ အချိန်တွေက ဘာလို့ ဒီလောက်တောင် အကုန်မြန်နေရတာလဲ။ နောက်နှစ်မှာ မပြန်ဖို့ ဆုံးဖြတ်ထားပေမယ့် မတတ်နိုင်ခဲ့။ ပြန်လာရဦးမည်ပေါ့။ မတွေ့ချင်သည့် အဖေ့အမျိုးတွေကိုတော့ သွားမတွေ့ဖြစ်အောင် လုပ်ရမည်ဟု စဉ်းစားမိသည်။ ငွေရှိမှ ခင်တတ်သည့် အနှီလူတွေကို အမြင်ကတ်လှသည်။ နဂိုကတည်းက ခပ်တန်းတန်းသာ နေခဲ့သူမို့ ကိစ္စမရှိ။
အေးစက်နေသည့် ကော်ဖီအရသာကို ခံစားမိတော့မှ စိတ်က ပျံ့လွင့်နေရာမှ စုစည်းမိသွားသည်။
“ဒီလကုန်ရင် ကျိုးရန်ကို ခေါ်ပြီး အမေ့အတွက် နားကပ်တစ်ရံ သွားကြည့်ဦးမှ….”
ရေးလက်စ ဝတ္ထုတိုကို အချောသပ် ပြီးအောင် ပြန်လုပ်လိုက်ပြီးနောက် အိပ်စက်ခြင်းက သူမကို အဝေးသို့ ခေါ်ဆောင်သွားတော့သည်။ ဘယ်လောက်ထိတောင် အိပ်ပျော်နေသွားသည် မသိ။ ဖုန်းမြည်သံ ကြားမှ နိုးလာသည်။
တူ… တူ… တူ….
“ဟဲလို… ပိုင်ယုပါ…”
“စာရေးဆရာမ ရှောင်းယုချီနဲ့ စကားပြောချင်လို့ပါ…”
“ဟုတ်ကဲ့… ကျမပါ…”
“အော်.. ဆရာမလား… Unique မဂ္ဂဇင်းတိုက်ကပါ… ဆရာမရဲ့ စာမူနှစ်ပုဒ် ရွေးချယ်ခံရလို့ ဖုန်းဆက်အသိပေးတာပါ… စာမူခကို ဘဏ်အကောင့်ထဲ လွှဲပေးလိုက်ရမလား.. ဒါမှမဟုတ် ဆရာမ လာယူချင်သေးလား…”
VOUS LISEZ
နားကပ်လေး တစ်ရံ
Nouvellesတကယ်မမှတ်မိတာလား... စနောက်ခြင်းပဲလား... နားကပ်လေးတစ်ရံ ကနေတဆင့် အသိတစ်ခုတော့ ရလိုက်တယ်... (My Own Creation)