အချိန်က ဘာလိုလိုနဲ့ အိမ်ပြန်ရမည့်နေ့ကို ရောက်လာပြီ။ အဝတ်ထုပ် ပြင်ရင်း အိမ်အတွက် လိုမည်ထင်သည့် အရာများကို ထပ်ဝယ်ရသေးသည်။ အမေ့ကို ပေးမည့်လက်ဆောင်အတွက် ဘယ်လိုပေးရင်ကောင်းမလဲ စဉ်းစားမိသည်။ အမေ ကြိုက်မှ ကြိုက်ပါ့မလား။ ရထားက တလှုပ်လှုပ်ဖြစ်နေသလို အတွေးတို့ကလည်း တလှုပ်လှုပ်။ အိမ်ရောက်သည်နှင့် အမေက လှမ်းကာ ဆီးကြိုသည်။"ပိုင်ယုလေး… ငါ့သမီး ပိန်သွားသလိုပဲ.. အစားတွေ ကောင်းကောင်း စားရရဲ့လား…"
"စားပါတယ် မားရဲ့… အငယ်ကောင်ရော…"
"ပိုင်ချီက သူ့သူငယ်ချင်းတွေနဲ့ အပြင်ထွက်သွားတယ်… ခဏနေ ပြန်ရောက်တော့မှာပါ…"
"မားကို ဝိုင်းမကူဘဲနဲ့ လျှောက်သွားနေပြန်ပြီ… အမပြန်လာမှာကို သိသိချည်းနဲ့…"
"အေးပါ… ခဏပါပဲ… သမီးလည်း နားလိုက်ဦး.. ခရီးဝေးကြီးကနေ လာခဲ့ရတာ မဟုတ်လား…"
အထုပ်များ ချပြီး အခန်းထဲရှိ ကုတင်လေးပေါ် ဝင်လှဲလိုက်သည်။ ဒီအခန်း ဒီနေရာက ဘာမှ မပြောင်းလဲသွား။ သူမ ဆယ်ကျော်သက်အရွယ်ကတည်းက အတိုင်းပင်။ အမေက အခန်းသန့်ရှင်းရေး အမြဲလုပ်ပေးထားလို့နေမည်။ ဖုန်နံ့တောင် တစ်စက်ကလေးမှ မရှိ။ မောမောပန်းပန်း ဖြစ်ခဲ့သည်မို့ သူမ အိပ်ပျော်သွားပြန်သည်။
ပြန်နိုးလာတော့ နေပင် စောင်းနေချေပြီ။ ရေချိုးအဝတ်အစားလဲပြီး ထမင်းစားခန်းဘက် ထွက်ခဲ့သည်။ အမေက ညနေစာအတွက် ဟင်းချက်လို့ ပြီးခါနီးတော့မည်။ ဟိုနည်းနည်း ဒီစပ်စပ် ဝိုင်းကူပေးကာ ထမင်းပွဲ ပြင်ပေးလိုက်သည်။"မား… ပိုင်ချီ ပြန်မရောက်သေးဘူးလား…"
"ရောက်ပါ့တော်… ရေချိုးနေလေရဲ့…"
"နင်ကလည်း ငါ့ကို ဆူဖို့ ချောင်းနေတာလား…"
"ဟဲ့.. နင်ကမှ မလိမ္မာတာ.."
"အပျိုကြီးဖြစ်မယ့်လူက ဒီလိုပုံစံတွေပဲ…"
"ဘာပြောတယ်…"
"ကဲ.. တော်ကြပါကွယ်… ထမင်းစားကာနီး စကားမများနေကြနဲ့… စားကြ…"
အမေ့စိုက်ခင်းထဲက အသီးအရွက်တွေ လတ်လတ်ဆတ်ဆတ် ဖြစ်လို့ပဲလား။ အိမ်ထမင်း အိမ်ဟင်း မစားရတာ ကြာလို့ဘဲလား မပြောတတ်။ အားလုံးဟာ ခံတွင်း တွေ့လွန်းလှသည်။ ဗိုက်ကားအောင် စားပြီးနောက် လက်ဖက်ရည်ကြမ်း သောက်သည့် အချိန်တွင် အမေ့နားကပ်ကို ချွတ်ဖို့ ပြောရပြန်သည်။
VOUS LISEZ
နားကပ်လေး တစ်ရံ
Nouvellesတကယ်မမှတ်မိတာလား... စနောက်ခြင်းပဲလား... နားကပ်လေးတစ်ရံ ကနေတဆင့် အသိတစ်ခုတော့ ရလိုက်တယ်... (My Own Creation)