နေ့လည်ခင်းကြီး အဖျားတက်သလို ခံစားရတယ်
နဖူးကို စမ်းကြည့်တော့ သတိရစိတ်ဟာ ဒီဂရီ ၁၀၅
အနေအထိုင်မတတ်တဲ့ ကိုယ်ပါပဲ
အောက်စီဂျင်လေးရဖို့ဆိုတာက မင်းရှိနေမှ။ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဆိုတာလည်း
စက္ကန့်ပိုင်းလေးပဲ ခြားပါတယ်။
မင်းအပြုံးလေးမြင်လိုက်ရချိန်နဲ့
အဲ့အပြုံးတွေ ကိုယ်နဲ့ မဆိုင်သေးကြောင်း သိလိုက်ရချိန်။ကော်ဖီသောက်တယ်လို့ ကိုယ်ပြောရင် လူတွေကမေးတယ်
Americano လား Espresso လားတဲ့
မင်းကို ချစ်တယ်လို့ ကိုယ်ပြောရင်လည်း
ခဏတာလား တသက်လုံးလား
ဒီလိုပဲ မင်းမေးဦးမှာပါပဲ။
မေးခွန်းနှစ်ခုစလုံးအတွက် ကိုယ့်အဖြေက တစ်ခုထဲ
ကော်ဖီဆိုရင် ကိုယ် သောက်မယ်။
မင်းဆိုရင် ကိုယ် ချစ်မယ်။
ကော်ဖီဖျော်ဖို့ မင်းကမွေးဖွားလာတယ်ဆိုရင်
မင်းဖျော်တဲ့ကော်ဖီကို သောက်ဖို့ ကိုယ်က မွေးဖွားလာတာပါပဲ။လက်ဖဝါးတစ်နေရာရာထဲ
သစ်သားညှောင့်ကလေးဝင်သွားသလိုပါပဲ။
မပြောဖြစ်တဲ့ စကားတွေဟာလည်း ကိုယ့်ရင်ထဲ
အောင့်သက်သက်နဲ့ ခံရခက်လွန်းတယ်။Espresso တစ်ခွက်ဟာ
အပြင်ပန်းမှာ ရိုးရှင်းပေမယ့်
တကယ်တမ်းက ရှုပ်ထွေးလွန်းတယ်။
အလေးချိန် ပမာဏတစ်ခုနဲ့ ကော်ဖီမှုန့်ကို
သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာအတွင်းမှာ
ကောင်းကောင်းကြီး နှပ်ထားရမယ်။
လိုအပ်တဲ့အပူချိန်ရှိတဲ့ ရေနဲ့ ပေါင်းစပ်မှ
ပြီးပြည့်စုံတဲ့ Espresso တစ်ခွက်ကို ရတယ်။
ခက်တာ ကိုယ်က ဘဝထဲကို သီအိုရီတွေထည့်မပေါင်းတတ်တာပဲ။မျက်စိရှေ့မှာ ကော်ဖီအခိုးအငွေ့တွေ မြင်နေရတယ်။
သိပ်မကြာပါဘူး လေထဲမှာပျောက်ကွယ်သွားတယ်
ဒါပေမယ့် ကိုယ် ယုံကြည်တယ်
ဒီကမ္ဘာလောကရဲ့ တနေရာရာမှာ သူတို့ရှိနေတယ်
ဥပမာ အိပ်ယာခေါင်းရင်းက dream catcher
အိပ်မက်အဖြစ်ပြောင်းလဲသွားတဲ့ ကော်ဖီငွေ့တွေအကြောင်း
တစ်ချိန်ချိန်မှာ သေချာရှင်းပြပါဦးမယ်။
ခါးသက်သော Espresso တွေထဲမှာလည်း
ချိမြိန်ခြင်းကို ရှာဖွေလို့ရပါသေးတယ်
မင်းသာ စွန့်စားရဲမယ်ဆိုရင်ပေါ့ကွယ်။