Macchiato

3.8K 253 17
                                    

စက္ကန့် မိနစ်တွေဆိုတာလည်း
မင်းမျက်နှာလေးမော်ဖူးဖို့ နင်းတက်ရတဲ့ လှေကားတွေပါပဲ။
ဒါကို ဘယ်သူမှမသိဘူး ကိုယ်ပဲ သိပါတယ်။

သူ့ဟာသူနေနေတဲ့ သက်မဲ့ဒြပ်ပစ္စည်းတွေပါပဲ။
ဒါပေမယ့် မင်းလက်ကလေးနဲ့ စတင်ထိတွေ့လိုက်တဲ့အခါ
အနုပညာမြောက်တဲ့ ကော်ဖီကောင်းတစ်ခွက်ထွက်လာတယ်။
level မြင့်တစ်ခုကို upgrade လုပ်လိုက်သလိုပဲ
အရာရာဟာ အသစ်အသစ်တွေဖြစ်လာတယ်။

မင်းဖျော်တဲ့ကော်ဖီကို သောက်ရတဲ့ အခိုက်အတန့်တွေဟာ
ပျော်စရာ အကောင်းဆုံးပဲ။
အချစ်မှာ အရသာရှိရင် သေချာတယ်
အဲ့ဒါဟာ macchiato ပဲ ဖြစ်လိမ့်မယ်။

သဘာဝလွန်ဖြစ်ရပ်တွေပါပဲ
ကိုယ်ဟာ ကော်ဖီခွက်ကလေးကိုင်ထားရင်းနဲ့
ပင်လယ်ကမ်းစပ်တစ်ခုကို ရောက်သွားသလိုခံစားရတယ်။

သောက်ရင်း သောက်ရင်း ပုံရိပ်တွေဟာ ပိုပိုထင်ရှားလာတယ်။
မျက်စိတစ်ဆုံးဟာ ရေပြင်တွေပဲ
ကိုယ်ဟာ သဲသောင်ပြင်ပေါ် မတ်တပ်ရပ်နေခဲ့တယ်။
ပြာလွင့်လွင့်ကောင်းကင်ရယ်
ခပ်နွေးနွေးပဲရှိတဲ့ နေရောင်ခြည်ရယ် ...

ကော်ဖီနံ့လေးဟာ သိမ်သိမ်မွေ့မွေ့လေးပါပဲ။
ပင်လယ်လေလေးက ဆံမျှင်လွင့်ရုံ ဝေ့ဝဲတိုက်ခတ်သလိုမျိုး။
ပထမလှိုင်းအပုတ်မှာ Milk foam ကြောင့် ချိုအီမွှေးမြတဲ့အရသာပဲ။
ဒုတိယလှိုင်းမှာတော့ ချိုတဲ့အရသာ အားပျော့သွားပြီး
ခါးသက်သက်အရသာလေးကို စတင်မိတ်ဆက်တယ်။
ဒါပေမယ့် လုံးလုံးတော့ မခါးသေးဘူး။
တတိယလှိုင်းမှာ အခါးအရသာဟာ ပိုအားကောင်းလာတယ်။
မုန်တိုင်းတစ်ခု အားပြင်းစွာ မတိုက်ခင် အရှိန်ယူနေသလိုပဲ။
စတုတ္ထလှိုင်းမှာတော့ စစ်မှန်တဲ့ ခါးသက်ခြင်းပဲ။
ဒါကို ထူးထွေပြီး ခါးသက်မနေတော့ပါဘူးကွယ်
ကိုယ်လည်း သုံးလက်မသာသာခွက်ကလေးရဲ့
ပင်လယ်ထဲ နစ်မြုပ်သွားတယ်။

သောက်ပြီး အချိန်အတော်ကြာထိ
အရသာဟာ လျှာဖျားမှာ အမှတ်ထင်ထင်ကြီး ရှိနေသေးတယ်။
ဒုက္ခပဲ ... ကိုယ်တော့ မင်းဖျော်တဲ့ကော်ဖီကိုမှ စွဲလန်းမိပြီထင်တယ်။

ထင်ယောင်ထင်မှားတွေဖြစ်ရတာလည်း ခဏခဏပါပဲ။
မင်းဟာမင်း နိစ္စဒူဝဆန်ဆန်ပြုံးတဲ့အပြုံးလည်း
ကိုယ့်ကို ရည်ရွယ်တယ်အမှတ်နဲ့ အဟုတ်ကြီး ဟုတ်နေခဲ့တာပဲ။

တစ်ခေါက်တော့ မျက်လုံးချင်းဆုံသွားဖူးတယ်။
ခမ်းခမ်းနားနား စာဖွဲ့နေမှမဟုတ်ဘူး။
စက္ကန့်ဝက်ကျော်ကျော် အခိုက်အတန့်လေးနဲ့လည်း
သွက်သွက်ခါ ရူးသွားဖို့ လုံလောက်တယ်။
ထွေထွေထူးထူးထူးမဟုတ်တဲ့ မတော်တဆ တိုက်ဆိုင်မှုတစ်ခုမှာ
ခြေမကိုင် လက်မကိုင်ဖြစ်တဲ့အထိ တမေ့တမောဖြစ်သွားတယ်ဆို
ယုံမလား။

ညသန်းခေါင်းယံကြီး
ကိုယ့်မှာ နှလုံးသားတွေ သိပ်တုန်လာတယ်
ကော်ဖီထဲကို မင်းအပြုံးတွေထည့်ဖျော်တာ
သိပ်များသွားတယ်နဲ့ တူတယ်။
ဘုရား မေ့တယ် တရားကိုလည်း မေ့တယ်
မင်းကိုပဲ တ, တ နေရတယ်။
ကိုယ်ဟာ ယဉ်ယဉ်လေးနဲ့လည်း ရူးပြန်ပါတယ်။

ဒီလိုနဲ့ ...
ချစ်ခြင်းတရားက ကိုယ့်ကို ရှာတွေ့တယ်။
ကိုယ်က မင်းကို ရှာတွေ့တယ်။
ကိုယ် ဒီည ပျော်နေတယ်။

Coffee TalksWhere stories live. Discover now