နေ့စဉ်ရက်ဆက်ပါပဲ
ကိုယ်ဟာ ဒီချည်တိုင်ကိုပဲ ပြန်ပြန်လည်လာနေမိတယ်။
သစ်ရွက်လှုပ်တိုင်း ရင်ခုန်တဲ့အရွယ်မဟုတ်ပေမယ့်လည်း
ကိုယ့်ကို စိတ်လှုပ်ရှားစေတဲ့ သစ်ရွက်ကလေးက မင်းပါပဲ။မင်းလှုပ်ရှားမှုအားလုံး
မျက်လုံးထောင့်ကနေမြင်ရတယ်။
စိတ်လှုပ်ရှားရင် နှုတ်ခမ်းကိုက်တဲ့ အဲ့အကျင့်လေးကို
အလိုလိုနေရင်း သဘောကျတယ်။
အကြည့်စူးစူးတွေ မြားမှာချိတ် ပစ်လွှတ်ပြန်ရင်လည်း
ကိုယ့်ကြောင်ဖြူလေးက အမြီးကုပ်ပြေးဦးမယ်။အိပ်ပျော်ညတွေ ခိုးယူခံရခြင်းအတွက်
မင်းကို တရားစွဲဆိုချင်ပါတယ်။အမှုသွားအမှုလာအရ
ကိုယ်ဟာ ဆေးခတ်ခံရတယ်လို့ဆိုတယ်။
သဲလွန်စကတော့ Cappuccino တစ်ခွက်ပါပဲ။
Espresso တစ်ဆ frothed milk တစ်ဆ
steamed milk တစ်ဆမှာ
မလိုအပ်ပဲ အပြုံးတွေပါ ထည့်ဖျော်ခြင်းအတွက်
ဒါဟာ ကြိုတင်ကြံစဉ်မှုမြောက်ပါတယ်။အခင်းဖြစ်ပွားရာနေရာက
မျက်ဝန်းညိုတွေနဲ့ တစ်ယောက်ကို သံသယရှိတယ်
သူဖျော်တဲ့ ကော်ဖီကို သောက်ပြီးပြီးချင်းမှာ
နှလုံးခုန်နှုန်းဟာ သိသိသာသာ မြန်လာပါတယ်။
တရားခံက ရည်ရွယ်ချက်ရှိရှိ
ကိုင်ဆောင်လာတဲ့ လက်နက်ကတော့
အညိုရောင် ကော်ဖီတွေပေါ်က ထင်ထင်ရှားရှား
အသည်းပုံသဏ္ဍာန် milk foam လေးပါပဲ။
ကွင်းဆက်အနေနဲ့ ဒီကော်ဖီကိုပဲတစ်ခွက်ပြီးတစ်ခွက်
သောက်ရတယ်လို့ အိပ်မက်မက်တယ်။
တရားခံဟာ သိပ်ကို ပရော်ဖက်ရှင်နယ်ဆန်တယ်။Steamed milk ထဲက သကြားဓာတ်လေးက
အထူးဖန်တီးချက်တွေမပါပဲ သဘာဝအတိုင်းမို့
ယဉ်ယဉ်ကျေးကျေးလေး ချိုတယ်။
အချိုးအစား ကျကျနနဖျော်စပ်ထားတဲ့ လက်ရာမို့
လျှာဖျားပေါ်မှာ နူးနူးညံ့ညံ့ သေသေသပ်သပ်ပါပဲ။
ခါးသက်ခြင်းနဲ့ ချိုမြခြင်းဆိုတဲ့ သဘာဝနှစ်ခုကို ပေါင်းစပ်တဲ့အခါ
ယစ်မူးခြင်းဆိုတဲ့ အရသာတစ်ခု ရရှိတယ်။
ကိုလံဘတ်စ်သိမသွားတဲ့ နယ်မြေသစ်တစ်ခု
ကိုယ် ရှာတွေ့တယ် ပြီးတော့ အဲ့ဒါ့ကို အချစ်လို့ခေါ်တယ်။အတွေးတစ်စုံ နယ်ချဲ့ခံရခြင်းကိုပါ
ထပ်ပြီး စွဲချက်တင်ပါမယ်။
ဘယ်လိုအယူခံဝင်ခြင်းမျိုးနဲ့မှ
ဒီတရားခံကို သနားညှာတာမပေးစေရ။ရင်ကို တစ်လွှာချင်း ခွဲစိတ်စစ်ဆေးကြည့်စေချင်ပါတယ်။
နှလုံးသားလေးခန်းစလုံးမှာ မင်းရှိတယ်။
ကဲ ဘယ်လိုအလီဘိုင်မျိုးပြပြီး ငြင်းချင်ပါသေးလဲ ...?
