မင်းကို ပြောပြမယ့်စကားတွေ
အဝါရောင်စာရွက်လေးထဲ ချရေးဖြစ်ခဲ့တယ်။
ခုနှရက်မြောက်တိတိစဉ်းစားအပြီးမှာ မင်းကော်ဖီဆိုင်လေးဆီ
ပြန်လည်ခြေချဖို့ ရွေးချယ်လိုက်တယ်။ခြေလှမ်းနှစ်ဆယ်လောက်လှမ်းပြီးရင်
ကော်ဖီဆိုင်ထဲကို ကိုယ်ရောက်ပါပြီ။
ဒါပေမယ့် မြင်ကွင်းတစ်ခုကြောင့် ကိုယ့်ခြေအစုံဟာ
လမ်းနဲ့ တစ်သားတည်း အင်္ဂတေအကိုင်ခံလိုက်ရတယ်။မင်းရဲ့ ကော်ဖီဆိုင်လေးကို
သဘောကျရခြင်းအကြောင်းတရားတွေထဲမှာ
ဆိုင်လေးဟာ လမ်းဘက်ကို မျက်နှာမူထားခြင်းရယ်
ဘယ်ဘက်ကကြည့်ကြည့် အတွင်းရောအပြင်ကိုပါ
ဖောက်ပြီးမြင်ရတဲ့ မှန်တွေတပ်ထားခြင်းရယ်လည်း ပါတယ်။
ဒါပေမယ့် ဒီနေ့တော့ ဒီမှန်တွေကို
ပထမဦးဆုံးအကြိမ် သဘောမကျဖြစ်မိတယ်။မှန်တွေရဲ့ ဟိုဘက်ဝယ် မင်းရှိတယ်။
မင်းဘေးမှာ မိန်းမတစ်ယောက်ရှိတယ်။
ပြီးရင် သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးမလေးတစ်ယောက်ရှိတယ်။ကလေးမငယ်လေး သိပ်ချစ်ဖို့ကောင်းတယ်
သူ့မှာ မင်းမျက်လုံးတွေရှိတယ်
မင်းလိုပဲ နှုတ်ခမ်းလုံးလုံးလေးတွေ ပိုင်ဆိုင်ထားတယ်။
ကိုယ် ဘယ်လိုလုပ်ပြီး ဆိုင်ထဲရောက်လာသလဲကို မမှတ်မိတော့။Americano တဲ့
ဘယ်လိုကော်ဖီကြီးလဲ
အရသာက နှလုံးသားထဲမှာ သွားပေါ်တယ်
ကိုယ်က ချစ်ဖို့ကံပဲ ပါလာတယ်နဲ့တူတယ်
ပေါင်းစပ်ဖို့ကံက ဒီဘဝနဲ့တော့ မမှီတော့ပါဘူးကွယ်။
တည်တည်ငြိမ်ငြိမ်လေးပဲ ခါးသက်နေပါတော့မယ်။စာရွက်ဝါလေး ကိုယ့်အိတ်ထဲ ပြန်သိမ်းထားလိုက်မိတယ်
အရင်က စိတ်လိုလက်ရ ပစ်ခဲ့မိတဲ့
ပိုက်ကွန်တွေလည်း ပြန်နှုတ်ယူပါတယ်။
တစ်ဖတ်သတ် လောဘကြီးမိတာပါ။
တန်ရာရော မတန်ရာပါ ဘာမှမရခဲ့ပါဘူး ထင်ရဲ့မမျှော်လင့်တဲ့အရာတွေကပဲ
ကိုယ့်အရှိုက်ကိုထိုးသွားတဲ့ လက်သီးပုန်းတွေပါပဲ။
ကံကြမ္မာကြီး ဒီတစ်ခါ ကျီစားတာ နည်းနည်းလွန်တယ်။မင်းကတော့ Americano ပီသတယ်
နောက်ဆုံးအချိန်ထိ ကိုယ့်အပေါ်
ရက်ရက်စက်စက် ခါးသက်တယ်။
ဘယ်လောက်ထိလဲဆို တစ်သက်လုံး
ဒီအရသာကို မမေ့နိုင်တဲ့အထိပေါ့ကွယ်။အသည်းကွဲတယ်လို့လည်း ပြောလို့မရတဲ့ ကိုယ့်အဖြစ်က
အသည်းမျက်စိလည်သွားတာမျိုးလား။
တစ်ခါတစ်လေတော့လည်း ဖြစ်တတ်ပါတယ်
ကိုယ် ဒီလိုပဲ ဖြေတွေးလိုက်ရတယ်။
အဲ့ဒီ့အချိန်ကစပြီး ကော်ဖီဆိုင်တွေဘက် မလှည့်ဖြစ်တာ
ဒီနေ့အထိပါပဲ။