တစ်သက်လုံး ယုံကြည်လာတဲ့အမှန်တွေဟာ
တကယ်တမ်းတော့လည်း အမှားကြီးဖြစ်နေတတ်တယ်။
ဥပမာ vanilla ဆိုတာ လူတွေဖန်တီးတဲ့
အရသာသက်သက်လို့ ထင်နေတာမျိုး
ကိုယ်ဟာ အဲ့ဒီ့လို ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုအားနည်းတယ်။
ဒါကလည်း ကော်ဖီဖျော်တဲ့ လက်ချောင်းသွယ်သွယ်တွေကို
သတိမထားမိခင်အထိပါပဲ။ရေခဲလောက်အောင်အေးတဲ့ ကမ္ဘာလောကကြီးဆီက ခွဲထွက်လို့
ဒီဆိုင်ငယ်လေးအတွင်းက ရာသီဥတုကတော့ နွေးထွေးလို့နေတယ်။
ကော်ဖီခွက်သေးလေးအတွင်းက အနုပညာကို
တယုတယ မြတ်နိုးတဲ့ မင်း နှလုံးသားလေးကြောင့်ပဲလား ...
ဒါကလည်း ဝေခွဲရခက်ပြန်တယ်။ရိုးရိုးရှင်းရှင်း ရှပ်အင်္ကျီအဖြူတစ်ထည်ဟာ
ဒီလောက်ထိ ဆွဲဆောင်မှုရှိမယ်လို့ တွေးကြည့်မိခဲ့ဖူးသလား။
မင်းကတော့ မင်းအလုပ် မင်းလုပ်နေတာပါပဲ။
ဒါကို ကိုယ်ကသာ တစ်ယောက်တည်း ကွက် ငလျင်လှုပ်နေပါတယ်။
လူတစ်ယောက်ကို
မြင်မြင်ချင်းမှာ ရင်မခုန်ရအောင် ထိန်းချုပ်နည်း တတ်ကျမ်းသာရှိရင်
ကြိုဖတ်လာမိမှာ အမှန်ပဲ။ချစ်ခြင်းတရားရဲ့ အခြေခံ
ရင်ခုန်စိတ်လှုပ်ရှားခြင်းအခိုက်အတန့်လေးတွေဟာ
မျက်စိရှေ့က ကော်ဖီခွက်ရဲ့ အောက်ခြေမှာ ပျော်ဝင်နေတယ်။
အရသာမခံခင်ကတည်းက လျှာဖျားမှာ ချိုအီနေသလိုပဲ
မင်းအငွေ့အသက်တွေ အပြည့်အဝရှိနေတာမို့
ဒီကော်ဖီဟာ မသောက်ခင်ကတည်းက ပြည့်စုံတယ်။
ခွက်နှုတ်ခမ်းစွန်းမြုပ်လုအောင်ဖြစ်နေတဲ့ milk foam တွေကြားမှာ
နှလုံးသားလေးကို ပြန်အဖတ်ဆယ်နေရတယ်။
ဒီလောက်လည်း သိပ် မပျော့ညံ့စမ်းနဲ့ ကိုယ်ရယ်။လူတွေရဲ့ နှလုံးသားဟာ vanilla Lattee လိုပဲ
အပေါ်ယံအလွှာမှာ milk foam လို
အသွင်ပြောင်း မျက်နှာဖုံးရှိတယ်။
ဒုတိယအလွှာမှာ Lattee လို
မာကျောမှုကိုကိုယ်စားပြုတဲ့ ခါးသက်ခြင်းတွေရှိတယ်။
တတိယအလွှာအောက်ဆုံးမှာတော့ မူလသဘာဝ
ချိုအီတဲ့ အနှစ် vanilla ကို ဖွက်ထားတယ်။
ဒီသုံးလွှာကို ကောင်းကောင်းရောမွှေဖို့ မတတ်ရင်တော့
Vanilla Lattee ရဲ့ အရသာအစစ်ကို ခံစားလို့ ရမယ်မထင်ဘူး။
ဒီလိုပါပဲ ...
လူတွေရဲ့ နှလုံးသားအလွှာသုံးလွှာကို
ကောင်းကောင်းနားမလည်ရင်တော့
နှလုံးသားတစ်ခုလုံးကို ပိုင်ဆိုင်နိုင်ဖို့ မဖြစ်နိုင်ဘူး။ကော်ဖီကို ကျွမ်းကျွမ်းကျင်ကျင်ဖျော်တတ်တဲ့ မင်း
ကိုယ့်နှလုံးသားကိုလည်း ထဲထဲဝင်ဝင် နားလည်ပါလိမ့်မယ်။
ဒါကတော့ ကိုယ့်ဘက်က အမြင်ပါ။
ကော်ဖီကို ဖျော်ရတာမှ လွယ်တယ်
လူတွေနှလုံးသားက ရှုပ်တယ် ...
ဒါကတော့ မင်းဘက်က အမြင်ဖြစ်လိမ့်မယ်။အလွန်တရာမှ သိမ်မွေ့သောပါပဲ ...
လည်ချောင်းထဲကို နွေးထွေးစွာ စီးဆင်းသွားတယ်။
နူးနူးညံ့လေးပဲ ခါးသက်နေတယ်။
ကိုယ့်နှုတ်ခမ်းတို့ အလိုလိုပြုံးမိသွားတယ် ထင်ရဲ့
Vanilla ရယ် နို့အရသာရယ် Lattee ရယ်
သုံးခုစလုံးဟာ ရောထွေးနေပြီး
တစ်ချိန်ထဲမှာပဲ သုံးခုစလုံးဟာ ကွဲပြားနေတယ်။ကော်ဖီထဲ မင်း ဘာများထည့်ဖျော်သလဲကွယ်
အရာရာဟာ မြင်ကွင်းထဲ တဖြည်းဖြည်း ဝေဝါးလာတယ်
မင်းကလွဲ ...။အရမ်းကြိုက်တဲ့ မုန့်လေး တဖြည်းဖြည်းနဲ့ ကုန်သွားမှာကို
ကြောက်တဲ့ ကလေးတစ်ယောက်ရဲ့ စိုးရွံ့မှုမျိုးနဲ့ပေါ့။
ကော်ဖီတွေကုန်ရင် ဒီဆိုင်လေးထဲကနေ
ထွက်သွားရတော့မယ်ဆိုတဲ့အသိက
မျက်နှာတည့်တည့်ကို လေစိမ်းတွေ ဖြတ်တိုက်သလိုပဲ။
ဒီလိုနဲ့ နောက်ဆုံးလက်ကျန်တစ်ငုံစာကို
ဘယ်လိုသတ္တိမျိုးနဲ့ ကိုယ် မော့ချခဲ့ရတယ်ထင်သလဲ။မင်းနဲ့ပတ်သတ်ရင် အထိအခိုက်မခံနိုင်တာ
အဲ့ဒီကတည်းက ရိပ်မိခဲ့ဖို့ကောင်းတယ်။
ဒီလိုနဲ့ ကိုယ်ဟာ ကော်ဖီတွေကို ကြိုက်တတ်သူ
ရုတ်တရက် ဖြစ်လာတယ်
ဒီလောက်ပါပဲ။