Forget Me Not - 1

554 38 2
                                    

မွန်းကျပ်ခြင်းဆိုတာ ဘယ်လိုမျိုးလဲသိလား ?

ကျွန်မအတွက် မွန်းကျပ်ခြင်းဆိုတာမျိုးကတော့ အချိန်ဇယားတွေနဲ့ ပြည့်ကျပ်နေတဲ့ နေ့ရက်တိုင်းပဲ ။ မနက်စောစောထ … ကျူရှင်သွား ။ အိမ်ကကားနဲ့ လာကြို … ကားပေါ်မှာပဲ နေ့လည်စာစား … နောက်ထပ်ကျူရှင်တစ်ခုသွား ။ နေ့တိုင်းတူညီတဲ့အစားအစာကို စားရင်း … အသင့်ထုတ်ပေးထားတဲ့ အဝတ်အစားကိုဝတ်ရင်း … နေ့စဉ်တူညီတဲ့အလုပ်ကိုပဲ လုပ်နေရတာမျိုး ။

စာကျက်ခြင်း ။
အဲ့ဒီ့အရာက လွတ်လပ်ခြင်းတွေကိုပါ ပေးဆပ်လိုက်ဖို့ လုံလောက်လား ? သူတို့ပြောသလို ကျွန်မက ဆယ့်ခြောက်နှစ်အပြင်မရှိသေးတဲ့ ကလေးတစ်ယောက်မို့ နားမလည်နိုင်ခြင်းလား ?
တစ်ထွာစာလောက်ရှိတဲ့ ကျွန်မရဲ့ခေါင်းထဲမှာ စဉ်းစားနိုင်ခဲ့တာတော့ အလုံးစုံသော စွန့်လွှတ်ခြင်းတွေပါပဲ ။

တခြားသူရဲ့ သိမ်ငယ်မှုဆိုတာ ဘယ်လိုများပါလဲ ။ ကျွန်မအတွက်ကတော့ အရည်အချင်းစစ်မှတ်တမ်းပေါ်က သင်္ချာဂဏန်းတွေပါပဲ ။ သူတို့လိုချင်တဲ့အတိုင်းအတာအထိ ကျွန်မမတက်လှမ်းနိုင်ခဲ့တဲ့အခါ ကျွန်မပြန်ရခဲ့တာ တွန့်ချိုးနေတဲ့မျက်မှောင်တွေအောက်က ငြိုငြင်ခြင်းတွေပါပဲ ။

လောကကြီးက နားမလည်ခြင်းတွေနဲ့ပြည့်နေတယ် ။ ကျွန်မအတွက်ပြီး သူတို့ခိုင်းစေနေတဲ့အလုပ်တွေရဲ့တန်ဖိုးကို ကျွန်မနားမလည်ခဲ့တဲ့နောက် … ကျွန်မရဲ့ခံစားချက်တွေကို သူတို့နားလည်လာအောင် ရှင်းပြဖြစ်မနေတော့ဘူး ။

ပြေးလွှားဆော့နေတဲ့လမ်းပေါ်ကကလေးတွေကို ငေးကြည့်နေမိလို့ အဆူခံရတဲ့အဖြစ်တွေ …
အချိုလေးနည်းနည်းစားလိုက်မိလို့ အဆူခံခဲ့ရတဲ့အဖြစ်တွေ …
ပြတင်းပေါက်ကနေ မိုးရေစက်တွေကို ငေးကြည့်နေမိလို့အဆူခံခဲ့ရတဲ့အဖြစ်တွေ …
သူငယ်ချင်းအသစ်ဖွဲ့မိလို့ အဆူခံခဲ့ရတဲ့အဖြစ်တွေ …
တစ်နေ့ကို 4 နာရီထက်ပိုအိပ်ခွင့်မရခဲ့တဲ့အဖြစ်တွေ …

ဒီအဖြစ်တွေကို ကျွန်မလည်းနားမလည်နိုင်ခဲ့သလို သူတို့ကလည်း ကျွန်မကို နားလည်မပေးနိုင်ခဲ့ကြဘူး ။

ကျွန်မအတွေးတွေကို နားထောင်ပေးနိုင်သူက တစ်ချိန်တစ်ခါက လက်ဆောင်ရဖူးတဲ့ စာကြည့်စားပွဲပေါ်က Forget me not ပန်းအိုးလေးအပြင် မရှိဘူး …

Forget Me NotWhere stories live. Discover now