ဒီလိုနဲ့ သူတို့ကျွန်မကို ဆေးခန်းတစ်ခုစီခေါ်လာကြတယ် ။ ကျွန်မက သိပ်ပိန်လှီလာတာကြောင့်လို့ ပြောတာပါပဲ … ။ မေမေက ဆရာဝန်နဲ့စကားစမြည်ပြောပြီးနောက်မှာ ဆရာဝန်က မေမေ့ကိုဆေးတစ်ချို့ပေးတယ် ။ မေမေပြန်ပေးလိုက်တာက ငွေစက္ကူအထပ်လိုက် …
လူသားတွေက အပိုသိပ်လုပ်ကြတယ် ။ ကျွန်မအတွက် ဘာလို့ အဲ့လိုတွေလိုအပ်မှာလဲ ? ကျွန်မ သူတို့ကို စိတ်ထဲကတပွေ့တပိုက်အပြစ်တင်နေရင်းနဲ့ ဆေးခန်းအပြင်ဘက်ကို ငေးကြည့်လိုက်မိတယ် ။
ဒီနေ့နေသာတယ် ။
တကယ်တော့ … ကျွန်မလိုအပ်တာ အဲ့တာပဲ ။" အ ! "
ကျွန်မဆေးခန်းထဲကနေ အရှိန်နဲ့ပြေးထွက်သွားမိတော့ စက်ဘီးတစ်စီးက ကျွန်မကိုဝင်တိုက်တယ် ။ ကျွန်မသွားချင်တာက ဒီကားလမ်းရဲ့တစ်ဖက်ခြမ်းက ရပ်ကွက်ပန်းခြံလေးဆီ ။ ဒါပေမယ့် အခုကျွန်မ မရောက်ခင်လမ်းပေါ်မှာတင် လဲကျတယ် ။ ဒူးခေါင်းကနေ ယိုစီးလာတာက အနီရောင်အရည်တွေ …
" အဆင်ပြေရဲ့လား ? "
စက်ဘီးစီးလာတဲ့သူက စိတ်ရှုပ်ချင်စရာကောင်းအောင် ကျွန်မကိုမေးတယ် ။ ကျွန်မမဖြေအားပါဘူး … အနီရောင်တွေ ။ ကျွန်မခန္ဓာကိုယ်မှာ အနီရောင်တွေ ထွက်လာပြီ ။ ဘာလို့လဲ !! တကယ်ဆို သူတို့တွေက ရှိမနေသင့်ဘူးလေ …
" tsk ! "
ကျွန်မ အမြန်ပြန်ထပြီး ပန်းခြံဆီကိုပြေးသွားမိတယ် ။ အဲ့ဒီ့မှာ ကျွန်မသူငယ်ချင်းတွေရှိတယ် ။ ကျွန်မရဲ့ လက်တွဲဖော်တွေလည်း ရှိတယ် ။ မြေကြီးပေါ်က အစိမ်းရောင်တွေ ။ ပြီးတော့ အဲ့ဒီ့အစိမ်းရောင်တွေကို အလိုအလျောက်ဖြန်းပေးနေတဲ့ ရေပန်းလေးတွေ ။ အစိမ်းရောင်လေးတွေဆီ ဖြာကျနေတဲ့ နေရောင်ခြည်နုနုရော ~
အို …
ဒီနေရာက သုခဘုံပဲ !ကျွန်မ အစိမ်းရောင်တွေပေါ် ပစ်လှဲချပစ်လိုက်တယ် ။ တစ်ချက်တစ်ချက်ကျလာတဲ့ ရေပန်းဆီက ရေစက်တွေကလည်း ကျွန်မကို ပတ်ဖြန်းနေတယ် ။ မျက်စိကျိန်းလောက်အောင် အားအင်တွေပေးနေပြန်တဲ့ နေရောင်ခြည်ကလည်း ရှိသေး ။ ကျွန်မ မျက်စိတွေတောင်မှိတ်ထားမိတယ် ။ ဒီနေရာလေးဟာ ကောင်းကင်ဘုံက ကျွန်မအတွက်ဖန်တီးပေးထားသလိုပဲ ။
ကျွန်မပျော်လွန်းလို့ သူငယ်ချင်းတွေအပေါ်ကို လှိမ့်ပစ်လိုက်တယ် !