" ဟင့်အင်း ! မစားဘူး "
ကျွန်မ ထမင်းစားပွဲပေါ်က ပန်းကန်တွေကို ဆွဲယူမှောက်ချလိုက်လိုက်တယ် ။ ကြမ်းပြင်ပေါ်ပြန့်ကြဲသွားတာတောင် အညှီအဟောက်အနံ့တွေက ကျွန်မနဲ့နီးနေသေးသလို ခံစားရတယ် ။ အရမ်းမုန်းတာပဲ ! ကျွန်မရဲ့ အပြာနုရောင် blouse လေးတောင် ဆီစက်တစ်ချို့ စွန်းပေကုန်ပါပြီ ။
" တွယ်တာမွန် ! နင် ဒါဘာအချိုးချိုးတာလဲ ? "
မေမေက အသံနက်ကြီးနဲ့အော်ဟစ်ပြီး ဧည့်ခန်းကနေထလာတယ် ။ ထမင်းဝိုင်းပြင်ပေးတဲ့အဒေါ်ကြီးကတော့ ကျွန်မကို မျက်လုံးအပြူးသားနဲ့ကြည့်နေဆဲပဲ ။
" တွယ်တာလေး စားချင်တာဖြစ်ဖြစ် အန်တီ့ကိုပြောလေ … အန်တီ … "
" ကျွန်မကဘာလို့ ဒီလိုအညှီအဟောက်တွေကို စားရမှာလဲ ? အား !! နံလိုက်တာ "
ကျွန်မ ရေချိုးခန်းထဲပြေးဝင်ပြီး တံခါးကိုလော့ခ်ျချလိုက်မိတယ် ။ အနံ့တွေနဲ့ဝေးရာ … ။ ပြီးတော့ ရေစက်တွေတဖွဲဖွဲကျနေတဲ့ ရေပန်းရဲ့အောက် … ။ ကျွန်မ ရေလောင်းခံဖို့အချိန်ကျပြီလေ … တော်ကြာခြောက်သွေ့သွားမှဖြင့် ။