အိပ်ယာပေါ်မှာ လူးလှိမ့်နေရတာကို ကျွန်မငြီးငွေ့လှပြီ ။
အိပ်လို့မပျော်ဘူး ။ ဆယ်တန်းစာမေးကြီးပြီးသွားတာ တစ်လလောက်ရှိပြီ ။ ဒါပေမယ့် ကျွန်မအခုထက်ထိ အိပ်ချိန်တွေကိုတိုးဖို့ အဆင်သင့်မဖြစ်နိုင်သေးဘူး ။ မဟုတ် … … အရင်ကလောက်တောင် အိပ်လို့မရတော့ဘူး ။
ဒီလိုအချိန်တိုင်း အခန်းမီးကိုဖွင့်ပြီး စာကြည့်စားပွဲပေါ်မှာ ထိုင်နေဖြစ်တယ် ။ ကျွန်မရယ် … Forget me not ပန်းလေးရယ် ။ တိတ်ဆိတ်တဲ့ညအမှောင်ထဲ အတူရှိနေကြတာ ကျွန်မတို့နှစ်ယောက်ထဲပဲ ။ ကျွန်မ သူ့ကိုအားကျတယ် … သူက လှတယ် ။ သူ့ရဲ့ အပြာရောင်ဖွင့်ဖတ်လေးတွေက ကောင်းကင်ကြီးဆီပျံတက်မယ့် အတောင်ပျံလေးတွေလိုပဲ ။ သိပ်ကိုနူးညံ့ပြီး လှပတယ် ။ ရေလေးအလောင်းခံရရုံနဲ့ ပျော်ပျော်ရွှင်ရွှင်ကြီးထွားနိုင်တဲ့ သူတို့ဘဝလေးက ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်သလဲ ။ နေ့ဘက်ဆို ပြတင်းပေါက်က သဲ့သဲ့ကျနေတဲ့နေရောင်လေးကလည်း သူတို့ရဲ့ အားအင်ပဲ ။ သိပ်အားကျဖို့ကောင်းတယ် …
" တွယ်တာမွန် … အစောကြီးနိုးနေတာလား ? "
မေမေက သစ်လွင်တဲ့အဝတ်အစားတွေဝတ်ပြီး ကျွန်မအခန်းထဲကို ဝင်လာတယ် ။ စာကြည့်စားပွဲမှာထိုင်နေတဲ့ ကျွန်မကိုမြင်ပြီး မေမေအထင်မှားသွားပုံပဲ ။ ကျွန်မအစောကြီးနိုးနေတာမဟုတ်ဘူး … … ကျွန်မ မအိပ်ရသေးတာ ။
" မေမေနဲ့အတူ ရှော့ပင်းစင်တာသွားရအောင် ~ သမီးလိုချင်တာတွေလည်း ဝယ်ပေးမယ် "
မေမေက ပြောနေရင်းနဲ့ ကျွန်မအဝတ်ဗီရိုကို မွှေနေတယ် ။ အပြင်သွားဖို့အတွက် ကျွန်မဝတ်ရမယ့်အဝတ်အစားကို ပြင်ဆင်ပေးဖို့ထင်တယ် ။
" ဒီဟာ … "
ဗီရိုထဲက အပြာရောင်ဂါဝန်လေးကို ကျွန်မလက်ညှိုးထိုးပြလိုက်တော့ မေမေက ကျွန်မကို အံ့သြသွားသလိုကြည့်တယ် ။ ကျွန်မ ဘယ်တုန်းကမျှ အထွန့်မတက်ခဲ့ဖူးဘူး … ဘယ်တုန်းကမှ မငြင်းဆန်ခဲ့ဖူးဘူး ။ ကျွန်မက မေမေရဲ့ ဇာတ်ထုတ်ထဲက ဇာတ်ကောင်တစ်ယောက်ပဲ အမြဲဖြစ်ခဲ့တာ ။ ဒါပေမယ့် အခု ကျွန်မအပြာရောင်လေးကို ဝတ်ချင်တယ် ။ ဟင့်အင်း … အပြာရောင်လေးကိုပဲ ဝတ်ရမှာ ။
" အင်း … ဝတ်လေ "
မေမေက ဂါဝန်လေးကို အဝတ်တွေကြားထဲက ဖယ်ပြီးထုတ်ပေးတယ် ။ ကျွန်မလည်း ရရချင်း ကိုယ်လုံးပေါ်မှန်ဆီပြေးသွားပြီး ခန္ဓာကိုယ်နဲ့ကပ်ကြည့်လိုက်တယ် !
သိပ်လှတာပဲ ။ ဟုတ်တယ် … အပြာရောင်က ကျွန်မအတွက်ပဲ ။