စိန်ပန်းနီ

1.2K 79 11
                                    

'ငယ်လေးရေ ... ဟိုဘက်အိမ်မှာ ငံပြာရည်တစ်ပုလင်းလောက်သွားဝယ်ပေးစမ်းပါ'

မီးဖိုချောင်ထဲကနေထွက်ပေါ်လာတဲ့ မေမေ့အသံကြောင့် ငယ် စိတ်ညစ်သွားသည်။

'ငံပြာရည်မပါဘဲ ဒီတိုင်းချက်လို့မရဘူးလား မေ့'

'အဲ့ကနေ ဘာတွေတိုးတိုး တိုးတိုးနဲ့ ပြောနေတာလဲ။ ဒီနားကို လာခဲ့စမ်း'

မီးဖိုခန်းတံခါးဝနားကပ်ကာ ...

'အဲ့ဟင်းက ငံပြာရည်မပါဘဲ ချက်လို့မရဘူးလားလို့'

'ဟဲ့ ... ငါးပိချက်ချက်ပါတယ်ဆိုမှ ငံပြာရည်မပါလို့ရမလား။ သွားဝယ်လိုက်စမ်းပါ မိငယ်ရယ်။ အပျင်းကြီးမနေနဲ့'

'ပျင်းတာမဟုတ်ပါဘူး မေကလည်း။ မနက်စောစောက မိုးတွေရွာပြီး လေတွေတိုက်တယ်လေ။ အဲ့ဒါ .... '

'အဲ့ဒါ ဘာဖြစ်လဲ'

တဖြည်းဖြည်းနဲ့ မေမေက စိတ်မရှည်တဲ့လေသံပေါက်လာတာကြောင့် ငယ် ယောင်ယမ်းပြီး တံတွေးမျိုချမိသည်။

'ဟို .. လေတွေတိုက် မိုးတွေရွာတော့ .. ဟို .. စိန်ပန်းတွေကြွေ ...'

'တိတ်စမ်း .... နင့်မှာလည်း အဲ့ဒီစိန်ပန်းရူးတဲ့ရောဂါခုထိထနေတုန်းပဲလား။ အပိုတွေပြောမနေနဲ့။ ငံပြာရည်သွားဝယ်မလား။ ယောက်မပျံတွေ စလောင်းပျံတွေမြည်းမလား'

ပြောရင်း ယောက်မကိုင်ထားတဲ့လက်က မြောက်တက်လာတာကြောင့် စားပွဲပေါ်က ပိုက်ဆံကိုယူပြီး အိမ်ရှေ့ကို တဟုန်ထိုးပြေးထွက်လာမိသည်။ မေမေကတော့ နောက်မှာ တဗြစ်တောက်တောက်လုပ်ရင်း ကျန်ခဲ့မှာ ကျိန်းသေသည်။

မိုးက ခပ်ဖွဲဖွဲလေးရွာနေသေးတာကြောင့် အိမ်ရှေ့မှာချိတ်ထားတဲ့ ခမောက်ကလေးကိုဆောင်းရင်း ငယ် ထွက်လာခဲ့သည်။

'ဟူး ...'

စိန်ပန်းပွင့်ကြွေတွေနှင့် ရဲရဲနီနေတဲ့ ကတ္တရာလမ်းကိုကြည့်ရင်း ငယ် စိတ်မောသွားသည်။

'ဒီပန်းခင်းလမ်းကို ငါ ဘယ်လိုကျော်ဖြတ်ရမလဲ'

စိန်ပန်းဆိုတာ တစ်လောကလုံးမှာ ငယ် အနှစ်သက်ဆုံးပန်းဖြစ်သည်။ ကြိုက်သည်ဆိုတာထက်ကိုပိုပါသည်။ ချစ်သည်။ မြတ်နိုးသည်။ နှစ်သက်ခုန်မင်သည်။ စိန်ပန်းနဲ့ပတ်သတ်တဲ့ ငယ့်ခံစားချက်တွေကို ကုန်စင်အောင်အဓိပ္ပာယ်ဖွင့်ဆိုဖို့ခဲယဉ်းလှသည်။ ဒီလို မြတ်နိုးတန်ဖိုးထားရတဲ့ ပန်းပွင့်တွေကို ငယ် ဘယ်လိုစိတ်မျိုးနဲ့ နင်းခြေရက်ပါ့မလဲ။ အချိန်မတန်သေးပဲ မိုးကြီးလေကြီးကြောင့် အပင်ပေါ်ကနေ မညှာမတာအခြွေခံရပြီးတာတောင် ငယ်ကပါ နင်းခြေရဦးမည်တဲ့လား။

My Own CappuccinosWhere stories live. Discover now