ဘူတာရုံလေး

317 39 5
                                    

ကျနော် ရှင်သန်နေထိုင်ရတာ
မပျော်သလိုဖြစ်နေတာကြာခဲ့ပြီ ... ။

ဘေးနားမှာ လူတွေအများကြီးရှိနေလျက်နဲ့
အထီးကျန်သလိုခံစားမှုမျိုးခံစားဖူးကြမှာပေါ့ ... ။

ကျနော်လည်း အဲဒီလိုပဲ ... ။

ပြီးတော့ ကျနော့်ဘေးက ကျနော် ချစ်တဲ့
ကျနော့်ကိုလည်းချစ်တယ်လို့ပြောကြတဲ့ လူတွေကို
ကျနော် ကြောက်လာတယ် ... ။

သူတို့က ကျနော်ကို ချစ်တယ်ပြောကြပေမယ့်
ကျနော် သူတို့ကို နားလည်ပေးခဲ့သလို
သူတို့ကတော့ ကျနော့်ကို နားမလည်ပေးကြဘူး ...။

ဥပမာပြောရရင်
ကျနော်သာ ဘူတာရုံလေးတစ်ခုဆိုရင်
ကျနော့်နားလည်ပေးမှုတွေဟာ
ကျနော်ဆီပြန်မလာနိုင်တော့တဲ့
ရထားအစင်းပေါင်းများစွာပါပဲ ... ။

ပြန်မလာတဲ့ရထားတွေများလာတာနဲ့အမျှ
အပြန် သံလမ်းလေးတစ်ဖက်ဟာ
မြက်ပင်တွေ အမှိုက်တွေဖုံးပြီး
တစ်စတစ်စနဲ့ ပျောက်ကွယ်သွားတော့တယ် ... ။

ကျနော်ကတော့ ဒါကိုသတိမထားမိဘဲ
ဘူတာကထွက်သွားသမျှ ရထားတွေကို
လက်ကလေးတရမ်းရမ်းနဲ့ လက်ပြနှုတ်ဆက်လို့ ... ။

မှောင်တစ်လှည့် လင်းတစ်လှည့်နဲ့
ဘူတာရုံလေးမှာ ပြန်မလာတော့မယ့်
ရထားအစင်းပေါင်းများစွာကို
ကျနော် မိုက်မိုက်မဲမဲထိုင်စောင့်နေမိတာ ... ။

သူတို့ကလေ ကျနော် ပျော်တာကို
မမြင်ချင်ကြဘူးထင်တယ် ... ။

တစ်စုံတစ်ခုကို ပိုင်ဆိုင်ခွင့်ရမှ ပျော်ရွှင်ရစတမ်းလား ...
မပိုင်ဆိုင်ချင်တော့တဲ့ အရာတွေကိုစွန့်လွှတ်လိုက်ရင်လည်း
ပျော်ရွှင်စရာကောင်းတယ်ဆိုတာ
သူတို့မသိကြတာလား ... ။
မသိချင်ယောင်ဆောင်နေကြတာလား ... ။

ကျနော့် ဆုံးဖြတ်ချက်ကို တန်ဖိုးမထားတော့တဲ့
လူတွေရဲ့ဘေးမှာနေရတာ ကျနော်မပျော်တော့ဘူး ... ။

ဒီလိုနဲ့ ကြာလာတော့
ကျနော် ဘူတာလေးမှာ
ဘယ်ရထားမှမထွက်တော့ဘူး ... ။

ကျနော် ချခင်းပေးထားတဲ့
သံလမ်းတွေကို ကျနော်ကိုယ်တိုင်
ဖျက်ဆီးရုတ်သိမ်းပစ်ခဲ့ပြီ ... ။

အကယ်၍ တစ်နေ့မှာ
ကျနော့်ကို တစ်ကိုယ်ကောင်းဆန်တယ်လို့
ခင်များတို့ သတ်မှတ်ခဲ့ကြရင်
ဒါဟာ ခင်များတို့အမှားမဟုတ်ပါဘူး ... ။
ကျနော်ရဲ့အမှားလည်း မဟုတ်ဘူး ... ။

ပြန်မလာတော့တဲ့ ရထားတွေကိုသာ
အပြစ်တင်လိုက်ပါ .... ။

ခင်များတို့ဘဝမှာ
သံလမ်းမရှိတဲ့ ဘူတာတစ်ခုကိုတွေ့ခဲ့ရင်
ကျနော်ကိုအမှတ်ရပါ ... ။



Noel
June 28, 2018

My Own CappuccinosDonde viven las historias. Descúbrelo ahora