သူ ထမင်းစားပြီးနောက် အခန်းထဲသို့ ဝင်လာခဲ့ရင်း ပြတင်းပေါက်မှ ခြံထဲသို့ လှမ်းကြည့်မိရာ သူ့မျက်လုံးပင် သူမယုံနိုင်လောက်အောင် ဖြစ်သွားရသည်။
"ဟင် မေမေက တန်းမပါဘဲတောင် လျှောက်နိုင်နေပြီလား"
သူ့မေမေ လမ်းလျှောက်တာ သာမန်လူကောင်း တစ်ယောက်လိုတော့ မဟုတ်သေးပေမဲ့ ထိုကောင်မလေး အိမ်ရောက်သည့်အချိန်သည် သူ့မေမေ လမ်းပြန်လျှောက်လာနိုင်မည့် အချိန်မျိုးမဟုတ်၍ သူ အလွန့်အလွန် အံ့သြသွားရခြင်း ဖြစ်လေသည်။ ကားဒရိုင်ဘာ ဦးလေးကြီးက ပြုံးရယ်နေပြီး စူပုပ်ပုပ်အဒေါ်ကြီးကလည်း ပြုံးနေသလိုပင်။
"အန်တီ မောရင် နားတော့လေ နော် အန်တီ ဒီနေ့ လမ်းအများကြီး လျှောက်တဲ့အတွက် ဆုပေးရမယ်"
ထိုကောင်မလေး၏ အသံမှာ တဆာဆာနှင့်မို့ အပေါ်ထပ်က သူပင်လျှင် သူ့နားဘေးက ကပ်ပြောနေသလို အတိုင်းသားကြားရလေသည်။ သူမစကားကြောင့် သူ့မေမေမှာလည်း ပြုံးရယ်နေသည်မှာ မရပ်နိုင်။ ကြာတော့ သူအမြင်ကပ်လာ၍ ခုတင်ပေါ်သာ ပြန်ထိုင်နေမိတော့သည်။
ခဏလောက်ကြာတော့ သူလည်း ဗိုက်ဆာလာတာနဲ့ မီးဖိုချောင်သို့ ဆင်းခဲ့သည်။ Hejuမရှိတော့သည့် အတောအတွင်း သူ့အတွေး သူ့အာရုံနှင့်သူမို့ သူ့အတွက် အစာအာဟာရကို လိုချင်တောင့်တမှု မဖြစ်သလို ဗိုက်ဆာသည် ဆိုသည်မှာလည်း မရှိသလောက် နည်းပါသည်။ မီးဖိုချောင်ထဲရောက်တော့ အသင့်စားနိုင်သည့် အစားအစာကို ရှာရင်း တစ်နေရာသို့ မျက်လုံးရောက်သွားလေရာ
"ဟင် ဒါက အားဆေးတွေပဲ"
မေမေ့ အားဆေးလည်း မဖြစ်နိုင်။ ထို့ပြင် ထိုအားဆေးက တိုင်းရင်းဖြစ် အားဆေးတွေ။ ဧကန္ဒ သူ့စားမယ့် အစားအစာထဲများ ထိုအားဆေးတွေ ထည့်သလားမသိ။ မဖြစ်တော့။ ဒီနေ့ ထိုကိစ္စနှင့် ပတ်သက်၍ သူ သိရမည်။နေ့လည်ခင်း ထမင်းစားချိန်သို့ ရောက်လေပြီ။ ထမင်းချက် အန်တီကြီးက သူစားမည့် ထမင်းပွဲအတွက် ပြင်နေသည်ကို ဧည့်သည်ထိုင်သည့် ဆိုဖာ၌ မသိမသာ လှမ်းကြည့်နေမိသည်။ ဘာထူးခြားမှုမှတော့ မတွေ့သေး။ ခဏကြာတော့ မေမေနဲ့ ဟိုစွာကျယ်မလေး ဝင်လာသည်။ သူမနဲ့ မျက်လုံးချင်းဆုံမိတော့ သူရလိုက်တာက မျက်စောင်းတစ်ခု။ မေမေကတော့
"ဒီလိုကြီး ထိုင်ပြီး စာဖတ်နေတာ မပျင်းဘူးလား ငါ့သားရယ် အပြင်သွားကြပါလား Sooလေးကိုပါ ခေါ်သွားပြီး အထင်ကရနေရာတွေ လိုက်ပြလိုက်ပါလား သူလည်း ဒီရောက်ပြီးတည်းက ဘယ်မှ မရောက်သေးဘူးလေ"
"အန်တီရော မလိုက်ဘူးလားဟင်"
"သမီးရယ် အန်တီက အသက်ကြီးပါပြီကွယ်"
ထို့နောက် အနှီကောင်မလေး မေမေ့နားသို့ ဘာကပ်ပြောလိုက်သည်မသိ။ မေမေက သူပါလိုက်ခဲ့မယ်ဟု ပြောလေသည်။ သူမကျေနပ်သည့် တစ်ချက်က သူမည်မျှပင် သတိထားထား အိမ်အကူ အဒေါ်ကြီးက ထိုအားဆေးထုပ်ကို ထိတောင်မထိ။ သူ့စိတ်ထဲတွင်တော့ သိနေသည်။ သူအခုတလော အိပ်ကောင်း စားကောင်းနေရခြင်းမှာ ထိုစွာကျယ် nurseမလေးက တရားခံဆိုသည်ကို။ ထို့ပြင် အဆိုးဆုံးက ကိုယ့်ကိုကိုယ် Hejuကို သစ္စာဖောက်မိနေပြီဟု ထင်နေခြင်းပင်။
နေ့လည်စာစားပြီးတော့ သူတို့ မြို့ထဲသို့ ထွက်လာခဲ့ကြသည်။ ပဲရစ် မျှော်စင်ကြီးအောက် ဓာတ်ပုံတွေ ရိုက်ကြသည်။ ညဘက်မို့ပေပဲလားမသိ။ မြင်ကွင်းတွေက သိပ်လှနေသည်။ ထို့ပြင် ရုံးပိတ်ရက်မို့ လူတွေများလှသည်။ ကစားကွင်းမှာ ရိုလာကိုစတာစီးဖို့ သူမက ပူဆာတော့ မေမေက ခွင့်ပြုလေသည်။ သို့သော်
"သားရယ် သားပါ လိုက်သွားပါလား Sooလေး တစ်ယောက်တည်း ကြောက်နေပါ့မယ်"
သူ မေမေ့စကားလည်း မလွန်ဆန်ချင်တာမို့ သူမနောက်သို့ လိုက်သွားရလေသည်။ သူမ ကြည့်ရတာ ပျော်နေပုံပင်။ သူ လမ်းလျှောက်နေပုံကို စိတ်မရှည်သည့်အလား
"ဒီမှာ ဟေ့လူ မြန်မြန် လာလေ။"
သူလိုက်လာသည့်အကြောင်းက သူမအား ကြည့်ရုံကြည့်ပေးဖို့ပင် သို့သော် သူမက သူ့အတွက်ပါလက်မှတ်ဖြတ်ပြီး ထိုရိုလာကိုစတာ ရထားလေးပေါ်သို့ အတင်းဆွဲခေါ်ကာ ထိုင်ခိုင်းတော့သည်။ သူပြန်ဆင်းရန် ရုန်းသော်လည်း မမှီတော့။