နောက်တစ်နေ့မနက် မေရှောင်းအိပ်ရာကနိုးလာတော့ သူမရဲ့ အစေခံလေးတွေရောက်လာကြပြီး လင်းဟန်ဟာ သူမနဲ့ မြို့စားကြီးတို့အတွက် လှည်းလေးစီးတိုက်စာ လက်ဆောင်ပစ္စည်းတွေပို့လိုက်တဲ့အကြောင်း သူမကို အသိပေးလာခဲ့တယ်။ အစေခံလေးတွေကတော့ သူမတို့သခင်မလေးရဲ့ သတို့သားဟာ သူမတို့သခင်မလေးကို တစ်မူထူးခြားစွာ ချစ်ခင်မြတ်နိုးတာကြောင့် ပျော်ရွှင်နေခဲ့ကြပြီး သူမတို့သခင်မလေး လက်များထပ်ပြီးရင် ဘယ်လောက်တောင်များ အချစ်ခံလိုက်ရမလဲဆိုပြီး စိတ်ကူးတွေယဉ်နေခဲ့ကြတယ်။ ထိုတစ်ခနလေးအတွင်းမှာ မေရှောင်းကတော့ လင်းဟန် သူမအပေါ် ဒီလိုဂရုစိုက်တာကို စိတ်လှုပ်ရှားခြင်းမရှိခဲ့ပေ။ လွန်ခဲ့တဲ့ လေးနှစ်လုံးလုံး ဒီအမျိုးသားဟာ သူမကို စိတ်ဝင်စားနေကြောင်းပြသဖို့ အတော်လေးကြိုးပမ်းခဲ့ဖူးတယ်။ မေရှောင်းကလည်း တုံးအနေတာမဟုတ်တာကြောင့် ဒီအမျိုးသား သူမကို မေတ္တာသက်ဝင်နေမှန်း သူမသိခဲ့တယ်။ ပြသာနာရဲ့အရင်းမြစ်ကတော့ ကျောက်မေရှောင်းကိုယ်ထဲမှာ ရှိနေတဲ့ သူမဝိဥာဉ်ပါပဲ။ လက်တွေ့ကျကျပဲ အမျိုးသမီးငယ်လေးဟာ သူမရဲ့ ဦးနှောက်ကို နှလုံးသားထပ်ပိုပြီး ရှေ့တန်းတင်ခဲ့တယ်။ ထပ်လောင်းပြောရရင် သူမမှာ အဆိုးမြင်ဝါဒလေးအနည်းငယ်ရှိနေသေးတယ် အဲ့တာလေးကတော့ သူမဟာ အခြားသူရဲ့ ရည်ရွယ်ချက်တွေကို လွယ်လင့်တကူ ယုံစားလိုက်တဲ့ မိန်းမမျိုးမဟုတ်ဘူးဆိုတာပါပဲ။ လင်းဟန်ဟာ ယောက်ျားကောင်း ကြင်အင်လက္ခဏာနဲ့ ပြည့်စုံတဲ့ ယောက်ျားကောင်းဆိုပေမဲ့ မေရှောင်းကတော့ သူ့ကို အပြည့်အဝ မယုံကြည်နိုင်သေးပေ။ ပိုပြီး တိတိကျကျပြောရရင်တော့ မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ရဲ့ အမြဲတမ်း အစိုးမရ ပြောင်းလဲနေတတ်တဲ့ စိတ်အခြေအနေကို မျက်စိစုံမှိတ်ပြီး မယုံကြည်လိုက်သင့်ပေ။သင့်တော်တဲ့ဝတ်စုံရှည်လေးဆင်ယင်ပြီးနောက်မှာ မေရှောင်းဟာ သူမဖခင်နှင့်အတူ မနက်စာ စားသောက်ကြပြီး လင်းအိမ်တော်ဆီ ထွက်လာခဲ့ကြတယ်။ လင်းအကြီးအကဲတွေဟာ လက်ထပ်ပွဲအထမြောက်ဖို့ အာရုံစိုက်စေချင်ကြတဲ့အခါ သူတို့သားဖနှစ်ယောက် အံ့သြခြင်း မရှိခဲ့ချေ။ အကြောင်းမှာ မေရှောင်းဟာ အသက်ဆယ်ရှစ်နှစ်ပြည့်မှီပြီးတဲ့ မိန်းမလှလေးဖြစ်နေပြီး လင်းဟန်ဟာလည်း လက်ထပ်ဖို့ သင့်လျော်တဲ့ အသက်နှစ်ဆယ်အရွယ်ကိုရောက်နှင့်နေပြီဖြစ်လို့ပါပဲ။ လင်းဟန်ဟာ လင်းမိသားစုရဲ့ တစ်ဦးတည်းသော သားဖြစ်ပြီး အမတ်ချုပ်ကြီးရဲ့ အရိုက်အရာကိုဆက်ခံသူဖြစ်နေတာကြောင့် လင်းမိသားစုဟာ မင်္ဂလာပွဲကို တတ်နိုင်သလောက် အမြန်စီစဉ်ချင်နေကြတယ်။ မြို့စားကြီးအတွက်ကတော့ သူ့သမီးလေးရဲ့ မှန်ကန်တဲ့ဖူးစာဖက်ကို ရှာပေးနိုင်ခဲ့တယ်ဆိုပေမဲ့ သူ့သမီးလေးနဲ့ ဒီလိုမျိုးစောစောခွဲခွာရမှာကိုတော့ တွန့်ဆုတ်နေမိတယ်။
YOU ARE READING
အချစ်ဂိမ်း (Myanmar Translation)
Romantikမင်းဂိမ်းကစားချင်လား? စည်းကမ်းချက်တွေကတော့ ရိုးရှင်းပါတယ်.. တစ်စုံတစ်ယောက်မင်းကို အရူးအမူးချစ်သွားအောင်, မင်းတစ်ယောက်တည်းကိုပဲ သစ္စာရှိအောင်, သူရဲ့ နောက်ဆုံးနေဝင်ချိန်အထိ မင်းတစ်ယောက်ထဲကိုပဲ ဂရုစိုက်သွားအောင် လု...