နောက်ဆုံးတော့ (နောက်ဆုံးတော့)

6.7K 734 142
                                    

Day 7

အပိုင်(၇)နယ်မြေထဲရောက်လာသော ထောင်ပြေးငမဲလုံးကို လိုက်ဖမ်းရင်း တရားခံက ပြန်လည်ခုခံသဖြင့် ကိုကောင်းကြီးဝမ်းဗိုက် ဓါးထိသွားသည်။ ခွန်းကိုပါခေါ်၍ မှူးလူနာလာကြည့်တုန်း စုလှိုင်နှင့် ဌာနကလူတစ်ယောက်ပါ ရောက်နှင့်နေသည်။ မှူးတို့ကိုမြင်တော့ ထိုင်ခုံကထကာ နေရာပေးသည်။

"ကောင်းကြီး အခြေအနေဘယ်လိုနေသေးလဲ"

ဗိုက်က ပတ်တီးကိုကြည့်လျက် မှူးမေးလိုက်သည်။

"ဆရာသမားရာ ... အလက်ကြီးရှိပါသေးတယ်၊ ပထမဆုံးလည်းမဟုတ်တော့ဘူး၊ တရားခံလိုက်ဖမ်းရင်း အထိအခိုက်ရှိတတ်တာပါပဲ၊ ဆေးရုံအမြန်ဆင်းခွင့်ရအောင်သာ လုပ်ပေးပါ"

မှူးကပြုံး၍ ကိုကောင်းကြီးပခုံးကို အားပေးသည့်အနေနှင့် ဆုပ်ကိုင်ဖျစ်ညှစ်လိုက်သည်။

"ဒီတစ်ခါရော အိမ်ကမဟေသီကို အသိမပေးဘူးလားဗျ ကိုကောင်းရ"

ခွန်းက ရယ်ကျဲကျဲ ဝင်မေး၏။

"နေပါစေဗျာ ... ရှားရှားပါးပါး နားခွင့်ရတုန်းလေး ဆေးရုံမှာ နားအေးပါးအေး နေပါရစေ၊ အဲ့မိန်းမရောက်လာရင် ငိုသံယိုသံတွေနဲ့နားညည်းလွန်းလို့ပါ၊ လူကိုမျက်စိဒေါက်ထောက်လိုက်ကြည့်ပြီး ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ လိုက်ချုပ်ချယ်နေတဲ့မိန်းမ"

ကိုကောင်းကြီး ပွစိပွစိပြောနေတာကို အကြောင်းသိသူများက ပြုံးစိပြုံးစိဖြစ်နေကြသည်။ မိန်းမဖြစ်သူ စိတ်ပူနေမှာစိုး၍ အသိမပေးတာကို အပိုတွေပြောနေသည့် ကိုကောင်းကြီးက သူ့မိန်းမကိုမျက်နှာအညှိုးမခံချစ်တာ အပိုင်(၇)ဌာနတစ်ခုလုံး အကုန်သိကြသည်။ ကိုကောင်းကြီးလည်း ဌာနမှုးချမ်းရိပ်မှူးကဲ့သို့ မြွေပေါက်ကလေးပဲဖြစ်သည်။ သူတို့၏ သက်ဆိုင်ရာမြွေလမ္ပာယ် နှဲမှုတ်လိုက်လျှင် ပါးပျဉ်းကိုကျိုးလို့။

"ငမဲလုံး ဘယ်လိုဖြစ်သွားပြီလဲ ဌာနမှုး"

"သက်ဆိုင်ရာစခန်းကို အပ်လိုက်ပြီ၊ ငါတို့တာဝန်ကျေပြီ ကောင်းကြီး"

အခန်းထဲကို တာဝန်ကျဆရာဝန်နှင့် သူနာပြုမလေးတစ်ယောက် ဝင်လာသည်။

P I E C E SWhere stories live. Discover now